ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် အဝေးပြေးလမ်းမပေါ်တွင် အလုံပိတ်ကားထဲ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ ၁၆) တွင် ထုတ်ပြန်သည်။
စူရတ်ဌာနီခရိုင် ထာ့ချနဒေသ အာရှလမ်းမကြီးပေါ်တွင် အလုံပိတ်ကားတစ်စီး လမ်းဘေး ရပ်ထားသဖြင့် ရဲတပ်ဖွဲ့က ကူညီပေးရန် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ကားသမားကို တွေ့လိုက်သည်နှင့် သံသယဖြစ်ရာမှ ကားအနောက်ပိုင်း အလုံပိတ်အခန်းကို ဖွင့်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကားနောက်ခန်း အလုံပိတ်ခန်းထဲတွင် မြန်မာနိုင်ငံသား ၃၃ ဦး လိုက်ပါလာသည်ကို တွေ့ရပြီး အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများကို ရတ်ချ်ဘူရီခရိုင်မှတစ်ဆင့် ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်သို့ ပို့ဆောင်ပေးရန် မောင်းလာခြင်းဖြစ်ကြောင်း ကားသမားက ဝန်ခံထားသည်။
ကားသမားသည် ယခင်ကလည်း နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်ဖူးသဖြင့် ဖမ်းဆီးခံရဖူးသူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကားသမားနှင့် မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူရန် ထာ့ချနရဲစခန်းသို့ ပို့ဆောင်ထား ဟုဆိုသည်။
Ref: Highway Police







