ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်နှင့် အီရန် စစ်ပွဲအဆုံးသတ်ရေး လက်မှတ်ထိုး

June 16, 2026

စစ်ပွဲအဆုံးသတ်ရန် ပဏာမသဘောတူညီချက်တစ်ရပ်ကို အမေရိကန်နှင့် အီရန်တို့ လက်မှတ်ရေးထိုးခဲ့ကြပြီဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၁၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

သို့ရာတွင် အသေးစိတ်အချက်အလက်များကို နှစ်ဖက်စလုံးက လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပေ။

ရေရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးအတွက် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးကြောင်း နှစ်ဖက်စလုံးက ဆိုသည်။

ဧပြီလက ကြေညာခဲ့သည့် လှုပ်လီလှုပ်လဲ့ အပစ်အခတ်ရပ်စဲရေးကို ယခု သဘောတူညီချက်အရ နောက်ထပ်ရက်ပေါင်း ၆၀ သက်တမ်းတိုးမည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပြန်ဖွင့်ပေးမည် ဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် အီရန်၏ အဏုမြူစီမံကိန်းအနာဂတ်ကဲ့သို့ ခက်ခဲနက်နဲသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်သည်။

G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာသည့် သမ္မတထရမ့်က “သဘောတူညီချက်ကို အားလုံး လက်မှတ်ထိုးပြီးပါပြီ” ဟု ပြောကြားခဲ့သည်။

အမေရိကန်ဒုတိယသမ္မတဂျေဒီဗန့်စ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်မည့် တရားဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလက်မှတ်ရေးထိုးလိုက်သည့် သဘောတူညီချက်သည် လူပေါင်း ၇,၀၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို ကမောက်ကမ ဖြစ်စေခဲ့သည့် အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် ယနေ့အချိန်အထိ အရေးပါဆုံး ခြေလှမ်းတစ်ရပ် ဖြစ်သည်။

Source: Reuters