ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ပါရာမော်တာ အသုံးပြုပြီး ပထမဆုံးအကြိမ် ဗုံးချတိုက်ခိုက်

May 16, 2026

ပုံစာ - ယနေ့ နံနက်က ပါရာမော်တာဖြင့် ဗုံးချသဖြင့် ထိခိုက်ပျက်စီးမှု။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စုတို့ကို စစ်အာဏာရှင်တပ်က ပါရာမော်တာ (စက်တပ်လေထီး) ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မေလ ၁၆ရက် နံနက် ၁၀နာရီ၃၀မိနစ်တွင် တကူကျေးရွာအုပ်စု ခြောက်အိမ်စုရွာ ဗုံးချတိုက်ခိုက်ပြီး ယင်းနောက် သာရဘွင်ကျေးရွာအုပ်စု ကျောက်တောင်ရွာတို့ကို ထပ်မံဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ်သည် တနင်္သာရီမြို့နယ်အတွင်း ပါရာမော်တာဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ခြောက်အိမ်စုရွာတွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲကြောင်း အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ဘယ်နှစ်စီးလာလဲ‌တော့ မသိရသေးဘူး။ ခြောက်အိမ်စုကို တစ်လုံးကြဲထားတာပဲ သိသေးတယ်။ ထိခိုက်မှု မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ကျောက်တောင်ရွာတွင် နေအိမ်များကြားတွင် ဗုံးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံများထွက်ပြေးနေကြောင်း ‌‌‌‌အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးကပြောဆိုသည်။

“အကုန်ပြေးနေကြပြီ” ဟု ၎င်းက ပြောသည်။

မေလ ၁၃ရက်တွင် စစ်အာဏာရှင်တပ်က တကူကျေးရွာရှိ အထက်တန်းကျောင်းကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ဆောင်နှစ်ဆောင်ပျက်စီးခဲ့သေးသည်။

ဧပြီလ အစပိုင်းတွင် မြိတ်မြို့လေတပ်သို့ ပါရာမော်တာ ၅ စီး‌ ဆင်းသက်လာသည်ကို တွေ့ရကြောင်း မြို့ခံအချို့ထံမှ သိရသည်။