သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။
သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် အသက် ၁၀နှစ်နှင့် ၁၄နှစ်အရွယ် ကလေးနှစ်ဦးတို့သည် နေအိမ်အနီး ဥယျဉ်ခြံတစ်ခြံသို့ သွားရောက်ရာမှ မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သည့် ဒေသခံအချို့က ဆိုသည်။
အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးမှာ ဦးခေါင်းတွင် မိုင်းစထိမှန် သေဆုံးပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးမှာ ခြေထောက်နှင့် နောက်ကျောတို့တွင် မိုင်းစဖောက်ဝင် ဒဏ်ရာများစွာ ရရှိကြောင်း စုံစမ်းသိရသည်။
ဒဏ်ရာရရှိသည့်ကလေးကိုမူ ယနေ့ ဧပြီလ ၁၆ ရက်တွင် ထားဝယ်ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
အဆိုပါ မြေမြှုပ်မိုင်းအား မည်သည့်အဖွဲ့က ထောင်ထားခဲ့သည်ကိုမူ အသေးစိတ် မသိရသေးပေ။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်က သရင်ချောင်းမြို့နယ်ရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAနှင့် တော်လှန်းရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ဝင်းဝစခန်းက ထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်တို့ ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်တွင် ရက် ၂၀ခန့်ကြာ တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့သည်။
စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ ဘက်စုံးသုံးက တိုက်ခိုက်ပြီး မတ်လကုန်တွင် ဝင်းဝစခန်းကို စစ်အာဏာရှင်တပ်က ပြန်လည် ထိန်းချုပ်ခဲ့သည်။
လက်ရှိတွင် ဒေသခံအချို့ ဂုံညှင်းဆိပ်ကျေးရွာအတွင်း ပြန်လည်နေထိုင်ချိန် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
သေဆုံးသည့် ကလေးငယ်၏ ဖခင်မှာ ငါးဖမ်းလှေလိုက်သဖြင့် လှေပေါ်တွင် ရှိနေပြီး အစ်ကိုဖြစ်သူမှာလည်း ပြီးခဲ့သည့် မတ်လတွင် စစ်အာဏာရှင်တပ်က ပေါ်တာဆွဲသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“ရွာထဲမှာ တချို့တလေ ဝင်နေကြတာရှိတယ်၊ လူဆင်းရဲတွေအတွက် မြို့တွေ သူများရွာတွေမှာ သွားနေရတာက ထင်သလောက်မလွယ်ဘူး” ဟု ၎င်းက ပြောသည်။
မတ်လ ၂၅ ရက်ကလည်း ဂုံညှင်းဆိပ်ရွာသား ကိုအောင်နိုင် ရွာသို့ပြန်ပြီး စားနပ်ရိက္ခာ လာရောက်ယူဆောင်စဉ် မိုင်းနင်မိပြီး သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“မိုင်းနင်းမိတာ လူတွေလည်း မမြင်ကြ မသိကြဘူးဆိုတော့ သွေးထွက်လွန်ပြီး သေတာဖြစ်နိုင်တယ်။ အလောင်းကို တွေ့ချိန် ပုပ်ပွနေပြီ” ဟု ဝင်းဝစခန်းအနီးနေသည့် ဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်များကြောင့် ၂၀၂၅ ခုနှစ်အတွင်း သေဆုံးသည့် ကလေးငယ် ၁၅၅ ဦးရှိကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar ၏ ၂၀၂၆ ခုနှစ် ဧပြီလ ထုတ်ပြန်သည့် စီရင်ခံစာအရ သိရသည်။







