ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးအနီး ဒရုန်းဗုံးကျပြီး သားအဖသုံးဦးဒဏ်ရာရ

April 16, 2026

ထားဝယ်မြို့‌ရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးအနီးတွင် သင်္ကြန်အကျနေ့ ဧပြီလ ၁၄ရက် မွန်းလွဲပိုင်းက ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး အနီးဝန်းကျင်ရှိ သားအဖသုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ‌မြို့ခံအချို့ထံမှ သိရသည်။

တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနှင့် ကပ်လျက်ရှိသည့် လယ်ယာစိုက်ပျိုးရေးရုံးအနီး ကားလမ်းမပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။

အဆိုပါဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင် ရှိနေသည့် သားအဖသုံးဦး ထိခိုက်ဒဏ်ရာရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“အိပ်ရာနိုးလို့ အဖေက ၂နှစ်အရွယ် သူသားကိုချီပြီး အိမ်ရှေ့ကို ထွက်လာတဲ့အချိန်မှာ ဒရုန်းဗုံးကျပြီး ထိသွားတာ” ဟု အထက်ပါအမျိုးသားကပြောဆိုသည်။

ယင်းအပြင် နေအိမ်အတွင်း ရှိနေသည့် အသက် ၁၀ နှစ်အရွယ်ရှိ ကလေးတစ်ဦးမှာလည်း ဗုံးစထိမှန်ပြီး ဘယ်ဘက်ခြေထောက် ဒဏ်ရာရကြောင်း ၎င်းက ပြောသည်။

သင်္ကြန်ကာလအတွင်း ထားဝယ်မြို့ရှိ တိုင်းလွှတ်တော်၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး တို့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ဗုံးအချို့မှာ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် သားအဖသုံးဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်တွင်လည်း ထားဝယ်မြို့ ရှမ်းမလည်ဆွဲရပ်ကွက်တွင် မပေါက်ကွဲ သေးသည့် ဒရုန်းဗုံးအချို့ နှင့် ပျက်ကျခဲ့သည့် ပန်ကာခြောက်ခုပါ ဒရုန်းကြီး တစ်စင်းကိုလည်း စစ်အာဏာရှင် BE တပ်က လာရောက်သိမ်းဆည်းခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးကိုမူ ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ယနေ့ ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့အထိ မည်သည့်အဖွဲ့အစည်းကမျှ တစ်စုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။