ထိုင်းနိုင်ငံအတွင်း ၂၅ နှစ်ကျော်ကြာ ထိုင်းနိုင်ငံသားအဖြစ် ဟန်ဆောင်နေထိုင်ခဲ့သော နိုင်ငံတကာရဲတပ်ဖွဲ့အလိုရှိစာရင်းဝင် တရုတ်နိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
စက်တင်ဘာလ ၁၃ ရက်က ချွန်ဘူရီခရိုင် ပတ္တယားမြို့ရှိ နေအိမ်တွင် အသက် ၆၇ နှစ်အရွယ် Zhu Zhishan အမည်ရှိ တရုတ်နိုင်ငံသားကို ဖမ်းဆီးခဲ့သည်။
ထိုင်းနိုင်ငံသား လိမ်လည်ရယူမှုဖြင့် တရားရုံး၏ ဝရမ်းအရ ဖမ်းဆီးခြင်းဖြစ်သည်။
တရုတ်နိုင်ငံသားသည် ၂၀၀၁ ခုနှစ်က Suchat Surachai အမည်ဖြစ် ထိုင်းနိုင်ငံသား မှတ်ပုံတင် လိမ်လည်ရယူထားပြီး ပတ္တယားမြို့တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြောင်း ဖော်ပြသည်။
၎င်းသည် ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလက တရုတ်နိုင်ငံတွင် လူသတ်မှုဖြင့် ဝရမ်းထုတ်ခံထားရသူဖြစ်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ၂၀၂၀ ခုနှစ်တွင် ဝရမ်းထုတ်ထားကြောင်း ဖော်ပြသည်။
တရုတ်နိုင်ငံသားသည် ဝရမ်းထုတ်ခံရပြီးနောက် မြန်မာနိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း ဆိုသည်။
၂၀၀၁ ခုနှစ်တွင် ၎င်းသည် ကရင်လူမျိုးအဖြစ် မှတ်ပုံတင်ပြီး ထိုင်း-မြန်မာနယ်စပ် ဖို့ဖရာ့ဒေသတွင် ထိုင်းနိုင်ငံသား မှတ်ပုံတင်ကို ဘတ် ငါးသောင်းဖြင့် ရယူခဲ့သူဖြစ်ကြောင်း ဖော်ပြသည်။





၎င်းသည် ထိုင်းမှတ်ပုံတင်ကို အသုံးပြု၍ ပတ္တယားတွင် ခရီးသွားလုပ်ငန်းများစွာကို လုပ်ကိုင်နေပြီး ကုမ္ပဏီငါးခုကို ပိုင်ဆိုင်ထားကာ ပိုင်ဆိုင်မှုတန်ဖိုး ဘတ် ၉၂ သန်းကျော်ရှိကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံသား မှတ်ပုံတင်ရရှိပြီးချိန်မှစ၍ နေရာများစွာကို ရွှေ့ပြောင်းခဲ့ပြီး ယခု ပတ္တယားတွင် နောက်ဆုံး မှတ်ပုံတင်ထားကာ သားသမီး အမွှာနှစ်ဦးကိုလည်း ထိုင်းနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားကြောင်း ဖော်ပြသည်။
၎င်းတို့မိသားစုသည် တရုတ်နိုင်ငံသို့ ခရီးသွားရန် တရုတ်သံရုံးတွင် ဗီဇာလျှောက်ထားရာမှ တရုတ်နိုင်ငံသားဖြစ်နေသည်ကို သံရုံးက သိရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် လူသတ်မှုဖြင့် ဝရမ်းထုတ်ထားသူဖြစ်နေသဖြင့် တရုတ်သံရုံးက ထိုင်းအာဏာပိုင်များနှင့်အတူ ပူးပေါင်းစုံစမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံသားကို ဘန်းလမောင်းရဲစခန်းတွင် ဖမ်းဆီးထားပြီး ၎င်းတို့မိသားစုဝင်သုံးဦးကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းထားသည်။
တရုတ်နိုင်ငံသားကိုမူ ထိုင်းဝန်ကြီးချုပ်၏ နေရပ်ပြန်ပို့ရေးဥပဒေအောက်က တရုတ်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေကြောင်း ဖော်ပြသည်။
၎င်းနှင့်အတူ အိမ်အောက်ခန်းတွင် သိမ်းဆည်းရမိသော တန်ဖိုး ဘတ်သန်း တစ်ရာ နီးပါးရှိ မြေယာပိုင်ဆိုင်မှု၊ ရတနာပစ္စည်းများအပါအဝင် တန်ဖိုးကြီးပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံသားအဖြစ် လိမ်လည်ရယူခဲ့မှုနှင့် ပတ်သက်၍ အစိုးရ အရာရှိများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: The Nation Thailand, The Thaiger







