ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တော်လှန်ရေးအင်းအားစုများ၏ သတင်းကိုရယူရန် မြန်မာစစ်အုပ်စုက ထောက်လှမ်းရေးအဖွဲ့ စေလွှတ်ထားသည်ဆိုသော စာနှင့်ပတ်သက်၍ ထိုင်းအစိုးရဘက်က အမြန်ဆုံး စုံစမ်းစစ်ဆေးပေးရန် လွှတ်တော်အမတ် Kannavee Suebsang က တိုက်တွန်းလိုက်သည်။
မဲဆောက်မြို့အတွင်းရှိ CRPH၊ NUG နှင့် CDM အဖွဲ့ဝင်များနှင့်အတူ လက်နက်စီးဆင်းမှုများကို သတင်းရယူနိုင်ရန် မြန်မာစစ်အာဏာရှင်က ထောက်လှမ်းရေးအဖွဲ့ဝင်များအား စေလွှတ်ထားသည်ဟု ဩဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော စာတစ်စောင်သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
စာအရ ထောက်လှမ်းရေးအဖွဲ့သည် အထူးလျှို့ဝှက်သတင်းတပ်ဖွဲ့ ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး မဲဆောက်မြို့တွင် ကုန်သည်နှင့် နောက်လိုက်ပုံစံ၊ အလုပ်သမားပုံစံ၊ စစ်ဘေးရှောင်ပုံစံနှင့် CDM အဖွဲ့ဝင်ပုံစံ ဟန်ဆောင်၍ တော်လှန်ရေးနှင့် ပတ်သက်သော သတင်းများကို လျှို့ဝှက် ရယူရမည်ဟု ဖော်ပြထားသည်။
အထူးသဖြင့် တော်လှန်ရေးအဖွဲ့၏ နေအိမ်၊ သွားလာမှုများ၊ ပြည်ပအကူအညီနှင့် ထောက်ပို့ရေးလမ်းကြောင်းများ၊ လက်နက်ပို့ဆောင်ရေးလမ်းကြောင်းများကို အဓိက သတင်းရယူရန် ရည်ရွယ်ထားကြောင်း စာတွင်ပါရှိသည်။
ယင်းစာမှာ ရည်ရွယ်ချက်ရှိရှိဖြန့်လိုက်သော စာအတုဖြစ်နိုင်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။
သို့သော် ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က စာပါအချက်များမှန်ကန်ပါက နိုင်ငံခြားထောက်လှမ်းရေးများ ထိုင်းနိုင်ငံအတွင်း လျှို့ဝှက်ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တရားစီရင်ပိုင်ခွင့်ကို တိုက်ရိုက်ကျူးလွန်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်ပြန်စာသည် မှန်ကန်မှု ရှိ၊ မရှိ ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက စစ်ဆေးပေးရန် စက်တင်ဘာလ ၁၄ ရက်နေ့က တိုက်တွန်းလိုက်သည်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး အချိန်ကိုက်ထွက်ပေါ်လာသော စာဖြစ်နေသဖြင့် နှစ်နိုင်ငံဆွေးနွေးချက်များတွင် တော်လှန်ရေးအင်အားစုများ၏ အချက်အလက်များ အချင်းချင်း မျှဝေပေးရန် ဆွေးနွေးခဲ့သလားဆိုသည်ကို ထိုင်းအစိုးရအဖွဲ့က ဖြေကြားပေးရန်လည်း ၎င်းက တောင်းဆိုထားသည်။
ယင်းနောက် စာရွက်စာတမ်း၏ စစ်မှန်မှု ရှိ၊ မရှိ ထိုင်းအစိုးရက သက်သေအထောက်အထားများနှင့် ရှင်းလင်းရမည်ဖြစ်သလို စာရွက်စာတမ်းအတုဖြစ်ပါကလည်း မြန်မာစစ်အာဏာရှင်၏ အတည်ပြုချက်ကို ရယူရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။
စာသည် စစ်မှန်နေပါက ပါဝင်ပက်သက်သူများကို ဖမ်းဆီးအရေးယူရန်နှင့် သံတမန်လမ်းကြောင်းအရ ကန့်ကွက်ရန် တိုက်တွန်းထားသည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ မြေပေါ်တွင် နိုင်ငံခြားသားများ လျှို့ဝှက်ထောက်လှမ်းခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အခြားသူများကို လိုက်လံဖမ်းဆီးခြင်း မပြုလုပ်နိုင်ရန် ကာကွယ်ရမည်ဖြစ်ကြောင်း လွှတ်တော်အမတ် Kannavee Suebsang က တိုက်တွန်းထားသည်။










