ရေဖြူမြို့နယ်၊ မလွှဲတောင် – ကလိန်အောင် ကားလမ်းပိုင်းရှိ ကျေးရွာနှစ်ရွာက ဒေသခံအမျိုးသားနှစ်ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါလမ်းပိုင်းရှိ ကျွဲတလင်းရွာတွင် အခြေချထားသည့် စစ်အာဏာရှင်တပ်သားများသည် ဆိုင်ကယ်ဖြင့်လာသော သက်လတ်ပိုင်း ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ကြောင်း ရွာသားများကပြောသည်။
ရိုက်နှက်ခံရသူသည် ရေဖြူမြို့နယ်၊ ပေါက်ပင်ကွင်း ရွာသားဖြစ်သည်။
“အရှေ့အဖွဲ့ (စစ်အာဏာရှင်တပ်သား) က ဆိုင်ကယ်တားတာ မရပ်တော့ နောက်အဖွဲ့က ထွက်ဖမ်းတာ မိသွားပြီး တစ်ည ဖမ်းပြီ ရိုက်လွှတ်လိုက်တာ။ တော်တော်တော့ နာသွားတယ်” ဟု ကျွဲတလင်းရွာသားတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၁၀ ရက်ကလည်း ယင်းလမ်းပိုင်းရှိ ကျောက်ကဒင်ရွာတွင် ကွမ်းသီးခြံစောင့် အမျိုးသားတစ်ဦး ပျောက်သွားပြီးနောက် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် နေအိမ်သို့ပြန်ရောက်လာကြောင်း ဖြစ်စဥ်ကို သိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါခြံစောင်အမျိုးသားကို စစ်အာဏာရှင်တပ်သားများက မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူနေ ရကြောင်း ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သား အင်အားရာဂဏန်းသည် မလွှဲတောင်လမ်းပိုင်းရှိ ကော့လှိုင်၊ ရာဖူး၊ ကျွဲတလင်း၊ ကျောက်ကဒင် စသည့် ကျေးရွာများတွင် ရွာစဥ်လှည့်ကာ တပ်စွဲနေကြောင်း လမ်းပိုင်းရှိ ကျေးရွာဒေသခံများထံမှ သိရသည်။







