ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာ၍ စစ်ရှောင်များ ထပ်မံထွက်ပြေး

July 15, 2026

ပုံစာ - ပုလောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ(ပုံဟောင်း)။ ဓာတ်ပုံ - ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီ

ပုလောမြို့နယ်၊ ပလမြို့ကျေးရွာအချို့ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် စစ်ရှောင်နေသော ဒေသခံများမှာ ရှောင်နေသည့်နေရာမှ ထပ်မံပြောင်းရွှေ့ထွက်ပြေးနေရကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းက ဇရပ်ဆိပ်ရွာဘက်ကို စစ်ကြောင်းထိုးလာသဖြင့် မြိတ်-ထားဝယ်လမ်းပိုင်းရှိ ကျေးရွာများမှဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။

မြိတ်-ထားဝယ်လမ်းပိုင်းရှိ ကြဲရွာ၊ စက်တော်ရာရွာ၊ တပိုရွာ၊ ဘိုင်းပြင်ရွာ၊ ဇရပ်ဆိပ်ရွာနှင့် မင်းပြင်ရွာရှိ ဒေသခံများသည် နီးစပ်ရာရွာအနီးရှိ တောတောင်များတွင် ရှောင်နေကြရကြောင်း၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်အာဏာရှင်စစ်ကြောင်းက ဇရပ်ဆိပ်ရွာသို့ ရောက်ရှိလာသဖြင့် ထပ်မံပြောင်းရွှေ့ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ထပ်ပြောင်းရတော့ လမ်းမှာရေတွေကလည်းကြီး၊ မိုးကလည်းရွာ၊ စစ်ကြောင်းလည်းထိုးနေတယ်။ ပြေးဖို့မြေမရှိသလိုမျိုး ဖြစ်နေတယ်။ မိုးရွာထဲ အကုန်ပြေးနေရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ဥယျာဉ်ခြံထဲသို့ ရှောင်သည့်စစ်ရှောင်အများစုသည် မိုးကာလုံလောက်မှုမရှိသဖြင့် အသိမိတ်ဆွေများ၏ တဲများတွင် နေနေရကြောင်းနှင့် လူအနည်းစုမှာ ပင်လယ်ပြင်သို့ရှောင်ကြပြီး ဓနိပင်များခုတ်၍ ဖက် (ဓနိရွက်ဖြင့်ပြုလုပ်ထားသည့်အမိုး) ဖြင့် မိုး၍ နေနေကြကြောင်း စစ်ရှောင်များက ဆိုသည်။

ပင်လယ်ဘက်တွင် ရှောင်နေသည့်စစ်ရှောင်အချို့သည်လည်း စစ်အာဏာရှင်စစ်ကြောင်း၏ လှုပ်ရှားမှုကို နားစွင့်၍ နေနေရကြောင်း စစ်ရှောင်တစ်ဦးက ဆိုသည်။

“ဇရပ်ဆိပ်ကို စစ်ကြောင်းရောက်နေတော့ သူတို့လှေနဲ့တက်မှာ စိုးရိမ်နေရတယ်။ နှစ်ဖက်ညှပ်ထိုးလာတယ်။ ခုတော့ အိမ်သားကင်း(တဲ)တွေ ဆောက်ပြီး နေနေကြတယ်” ဟု အထက်ပါစစ်ရှောင်က ပြောသည်။

စစ်အာဏာရှင်စစ်ကြောင်းသည် ပလမြို့မှ စစ်ကြောင်းတစ်ကြောင်းနှင့် စက်တော်ရာရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းထိုးလာပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်ကြောင်းနှစ်ကြောင်းလုံး ဇရပ်ဆိပ်ရွာကို ရောက်လာကြောင်း သိရသည်။