လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝင်ရောက်တပ်စွဲနေထိုင်သော စစ်အာဏာရှင်တပ်သည် စစ်ပြဲအရှေ့ပိုင်း စာသင်ကျောင်းအနီးရှိ နေအိမ်တစ်ဆောင်အား ထပ်မံမီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ ဇွန်လ ၁၄ရက်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ စစ်ပြဲကျေးရွာတွင် တစ်နေကုန်နီးပါး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် ညနေ ၆ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ပျဉ်ထောင်အိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“မနက် ၄နာရီလောက်စပြီး ပစ်နေကြတာ ညနေပိုင်းအထိပဲ။ (ညနေ) ၆ နာရီလောက်မှာ ပစ်သံတွေ စဲသွားပြီးတာနဲ့ ရွာထဲကနေ မီးခိုးလုံးတွေ တက်လာတာ စပြီးမြင်ရတယ်” ဟု တိမ်းရှောင်နေရသည့် စစ်ပြဲဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ် ဝင်ရောက်နေထိုင်နေသည့် ဘုန်းကြီးကျောင်းလည်း ကြီးကြီးမားမား ပျက်စီးသွားပြီး အရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၃ ရက်ကလည်း စစ်ပြဲရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က နေအိမ် ရှစ်ဆောင်နှင့် စပါးကျီနှစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။
စစ်အာဏာရှင်တပ်သည် မေလ ဒုတိယအပတ်ကစပြီး လောင်းလုံးမြို့ အောက်ဖက်ကျေးရွာများကို စစ်ကြောင်းထိုးချိန် တိုက်ပွဲဖြစ်ပွားသည့်အချိန်တိုင်း ထိုနေရာအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။
မေလ ၂၈ ရက်က ကဒက်ကြီးကျေးရွာတွင်လည်း အလားတူ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ နေအိမ်ခြောက်ဆောင်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။
ယနေ့ ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီကျော်အထိ မေးမြန်းချက်အရ စစ်အာဏာရှင်တပ်သားများသည် စစ်ပြဲကျေးရွာထဲတွင် မရှိတော့ဘဲ တပ်ဖျောက်ထားကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်သည် စစ်ပြဲကျေးရွာမှ မထွက်ခင်ကမူ အရပ်သားနေအိမ်များထဲသို့ ဝင်ရောက်ပြီး ပရိဘောဂပစ္စည်းများ အပါအဝင် လူအသုံးအဆောင်နှင့် စားသောက်ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်အာဏာရှင်တပ် ရွာထဲတွင် မရှိတော့သော်လည်း ဒေသခံအများစုမှာ ရွာထဲ ပြန်မဝင်ရဲကြသေးဘဲ တိမ်းရှောင်နေကြဆဲဖြစ်သည်။
စစ်ပြဲကျေးရွာနှင့် ကပ်လျက်တွင်ရှိသည့် ညင်းမော်ကျေးရွာက ဒေသခံများလည်း အလားတူ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။







