တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ (အနောက်ကမ်း) ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချ၍ နေအိမ်တစ်ဆောင်မီးလောင်သွားပြီး အခြားအိမ်တစ်ဆောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဒုတိယအကြိမ် မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင် အမှတ် ၃၀၆ အမြောက်တပ်မှ မော်တုန်းရွာ (အနောက်ကမ်း) ကို ဒရုန်းဖြင့် ဗုံးသီးချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မီးလောင်သွားသည့် နေအိမ်မှာ တစ်ထပ်အိမ်ဖြစ်ပြီး နံဘေးရှိ နှစ်ထပ်နေအိမ်တွင်လည်း ဗုံးစများထိမှန်၍ အနည်းငယ်ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။
“တစ်ထပ်အိမ်တစ်ဆောင်က မီးလောင်ပြီး ပျက်စီးသွားတယ်။ တစ်ဆောင်က နည်းနည်းထိသွားတယ်။ အိမ်တွေမှာက လူတွေနေကြတယ်။ ဒရုန်းတက်လာတာ သိလို့ လူတွေက ပြေးသွားကြလို့ လူတွေတော့ ထိခိုက်တာ မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်၏ ဒရုန်းဗုံးသီးထိမှန်သော နေအိမ်မှာ ချက်ချင်းမီးလောင်သွားပြီး ရွာသားများ ဝိုင်းဝန်း၍ မီးငြိမ်းလိုက်သဖြင့် မီးငြိမ်းသွားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“ဝိုင်းပြီး မီးငြိမ်းလိုက်လို့ အိမ်မှာ နည်းနည်းတော့ ကျန်သွားတယ်။ ပျက်စီးသွားတာက ပိုများတယ်။ ငွေတွေတော့ သိန်းတစ်ရာကျော် မီးထဲပါသွားတယ်။ စောစောပိုင်းကလည်း (ဒရုန်း) ချလို့ ဆိုင်ကယ်တစ်စီး ပျက်စီးသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် အမှတ် ၃၀၆ စစ်အာဏာရှင်အမြောက်တပ်က ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မော်တုန်းရွာ (အနောက်ကမ်း) ကို ပထမအကြိမ် ဒရုန်းဖြင့် ဗုံးချရာ ဆိုင်ကယ်တစ်စီး ပျက်စီးသွားသည်။
မော်တုန်းရွာမှာ တနင်္သာရီမြစ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိပြီး အရှေ့ကမ်းကို စစ်အာဏာရှင်တပ်များက ထိန်းချုပ်ထားကာ မော်တုန်းရွာ အနောက်ကမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။







