၄ လနီးပါး ကြာမြင့်ခဲ့သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်နှင့် အီရန်အကြား သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်က ဇွန်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
လက်ဘနွန်နိုင်ငံအပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းအပြီးတိုင် ရပ်စဲကြောင်း အမေရိကန်နှင့် အီရန်ဘက်က သဘောတူခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“အရှိန်ကောင်းကောင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိသွားပြီဆိုတာကို ဝမ်းမြောက်ဝမ်းသာ အသိပေးအပ်ပါတယ်” ဟု ရှာရစ်ဖ်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
တရားဝင်သဘောတူညီချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇွန်လ ၁၉ ရက် သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှာရှစ်ဖ်က ပြောသည်။
စစ်ပွဲအဆုံးသတ်ရေးအတွက် ပါကစ္စတန်က အမေရိကန်နှင့် အီရန်အကြား ကြားဝင်စေ့စပ်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ပါကစ္စတန်ဝန်ကြီးချုပ်၏ ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာပြီး မကြာမီမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။
“အခု အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနဲ့ သဘောတူညီချက် အပြီးသတ်ရရှိသွားပြီ ဖြစ်ပါတယ်”ဟု သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို သောကြာနေ့တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောသည်။
လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးရှိ စစ်ရေးလှုပ်ရှားမှုအားလုံးကို ချက်ချင်း အပြီးတိုင်ရပ်စဲရန် အမေရိကန်နှင့် နားလည်မှုစာချွန်လွှာကို အပြီးသတ် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီက တနင်္ဂနွေနေ့တွင် အတည်ပြုခဲ့သည်။
Source: Reuters







