ရန်ကုန်-ထားဝယ်ကားလမ်းပိုင်းတွင် ယခုနှစ်ဆန်းတွင် စစ်ဆေးရေးဂိတ်များတိုးလာသလို ငွေကြေးလည်း ပိုတောင်းလာသဖြင့် ခရီးစဥ်တစ်ခေါက်အတွက် ခရီးသည်တစ်ဦးလျှင် လမ်းကြေး ကျပ်သုံးသောင်း ဝန်းကျင် ပေးဆောင်နေရကြောင်း ခရီးသည်များနှင့် ကားသမားများက ပြောသည်။
အဆိုပါလမ်းပိုင်း၌ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ဆေးသည့်နေရာ ၄၀ ခန့်ရှိပြီး နေရာအပေါ်မူတည်၍ ကျပ်ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ပေးရသလို မပေးရသည့်နေရာများလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။
“ခရီးသည်တစ်ဦး သုံးထောင်ကနေ ငါးထောင် (ကျပ်) အကြား ပုံမှန်တောင်းတယ်။ အရင်က တစ်ထောင်၊ နှစ်ထောင် တောင်း ရာကနေ အခုနှစ်အစမှာ စျေးတက်လာတာ။ တချို့နေရာတွေကျ တောင်းနေရာကနေ အဖွဲ့စုံ(ဌာနဆိုင်ရာအစုံ) ဂိတ်ဖြစ်သွား တော့ မပေးရတော့ဘူး။ အစက မလွှဲတောင်ဆို ပေးရတယ်။ အခုမပေးရဘူး” ဟု လေးယောက်စီး ခရီးသည်တင်ကား မောင်းသူတစ်ဦးက ပြောဆိုသည်။
လမ်းပေးကြေးအဖြစ် ရန်ကုန်မှ ထားဝယ်အထိ ကျပ်သုံးသောင်းဝန်းကျင် ပေးခဲ့ရကြောင်း မေလက ခရီးသွားခဲ့သည့် ထားဝယ်ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။
“ရန်ကုန်ကနေ ထားဝယ်ဆင်းလာတာ လိုရမယ်ရ အိတ်ကပ်ထဲ တစ်သောင်းတန်နှစ်ချပ်နဲ့ ငါးထောင်တန်နှစ်ချပ် ထည့်လာ တာ လမ်းမှာ ပေးရင်းနဲ့ အိမ်ရောက်မှ ကြည့်တာ တစ်ထောင်၊ နှစ်ထောင် (ကျပ်) ပဲ ပြန်ကျန်တော့တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည် ၂၀၂၅ ခုနှစ်တွင် ခရီးစဉ်တစ်ခေါက်အတွက် ကျပ် တစ်သောင်းခွဲမှ နှစ်သောင်းအထိသာ ပေးရသော်လည်း ယခုနှစ်တွင် သုံးသောင်းအထိ ပေးဆောင်နေခြင်းဖြစ်ကြောင်း ခရီးသည်များနှင့် ကားသမားများထံမှ သိရသည်။
လမ်းကြေးကို ကားသမားများက တာဝန်ယူပေးဆောင်လျှင် ကားခပေးရများပြီး ခရီးသည်က မိမိအစီအစဥ်ဖြင့် ပေးပါက ကားခစျေး လျော့ကြောင်း ခရီးသည်တင်ကားသမားတစ်ဦးက ပြောဆိုသည် ။
“လေးယောက်စီးကားမှာ လမ်းပေးကြေးအပြီးအစီး တစ်ယောက် နှစ်သိန်းနဲ့စျေးဖြတ်တယ်။ လမ်းပေးကတော့ တစ်သိန်း ကျော် လောက်ပေးရတယ်။ လေးယောက်နဲ့ပြန်တွက်ရင် တစ်ယောက်ကို နှစ်သောင်းခွဲလောက်ပြန်ကျတာပေါ့။ လမ်းပေးကို ကိုယ့်အစီအစဥ်နဲ့ ကိုယ်ခရီးသည်ကပေးရတဲ့ ကားတွေကျတော့ ကားခသက်သာတယ်” ဟု ၎င်းက ပြောသည်။
ခရီးသည်တင်ယာဥ်လိုင်း ဝင်၍ ပြေးဆွဲနေသည့် ကားအများစုတွင်မူ ခရီးသည်ဘက်က လမ်းကြေးပေးရကြောင်း ခရီးသည်တင်ယာဥ်လိုင်းတစ်ခုမှ စပယ်ယာတစ်ဦးက ဆိုသည် ။
“လမ်းမှာကြုံရတဲ့ လမ်းကြေးပြဿနာတွေကို ခရီးသည်တွေပဲ တိုက်ရိုက်ရှင်းခိုင်းတယ်။ ဘာလို့လဲဆိုရင် ကိုယ်က သက်သာ အောင် ကြားကဝင်ကူပေးရင် ခရီးသည်တွေဘက်က အမြင်စောင်းသလို ဂိတ် (စစ်ဆေးရေး) တွေဘက်ကလည်း တစ်ခါတလေ ကားသမားတွေခေါ်ချပြီး အနိုင်ကျင့်တာတွေ ကြုံရလေ့ရှိတယ်” ဟု ၎င်းကပြောဆိုသည်။
ကျပ်သုံးသောင်းဝန်းကျင် လမ်းကြေးပေးရသည်မှာ ၆ မျဥ်းစောင်း (တနင်္သာရီ) မှတ်ပုံတင် ကိုင်ဆောင်ထားသူများအတွက် ပေးရသည့်ပမာဏသာဖြစ်ပြီး အခြားတိုင်းနှင့် ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူများဆိုလျှင် ကျပ်ငါးသောင်းခန့်အထိ ပေးရသည့် နေရာများပင် ရှိကြောင်း ကားသမားများထံမှ သိရသည်။
“ကျိုက်ထို သိမ်ဇရပ်လမ်းဆုံဂိတ်နဲ့ ရေးတံတားဂိတ်တွေမှာ ခရီးသည်တွေကို မျဥ်းစောင်း အလိုက် ပိုက်ဆံတောင်းတယ်။ ဘောလုံး (ထိုင်းမှာအလုပ်လုပ်မယ့်သူ) မှန်းသိရင် ပိုတောင်းတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။
ရန်ကုန်-ထားဝယ်လမ်းတွင် စစ်အာဏာရှင်တပ်ဂိတ်များအပြင် မွန်ပြည်နယ်အတွင်း၌ မွန်နှင့် ကရင် လက်နက်ကိုင်တပ်ဖွဲ့များ ငွေကြေးကောက်ခံသည့်နေရာ နှစ်ခုထက်မနည်းရှိပြီး မလွှဲတောင်မှ ထားဝယ်မြို့အထိ လမ်းပိုင်းတွင်လည်း ကရင် လက်နက် ကိုင်တပ်ဖွဲ့အချို့နှင့် PDF အချို့ ရံဖန်ရံခါ ငွေကြေးကောက်ခံကြောင်း ခရီးသည်များနှင့် ကားသမားများက ဆိုသည်။
ယင်းအပြင် ၂၀၂၅ ခုနှစ် နှောင်းပိုင်းကစပြီး ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ကားများတွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပြီး သိမ်းယူမှုများလည်းရှိကြောင်း ကားသမားများနှင့် စျေးသည်များထံမှ သိရသည်။







