ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းရှိ အကျဥ်းထောင်များတွင် နိုင်ကျဥ်းခြောက်ဦးသေဆုံး

June 15, 2026

အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းအတွင်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသား ခြောက်ဦး သေဆုံးကြောင်း နိုင်ငံရေးအကျဥ်းသားများအရေးဆောင်ရွက်နေသူများက ပြောသည်။

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ငါးဦးနှင့် ကော့သောင်းအကျဉ်းထောင်တွင် တစ်ဦး သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။

ထားဝယ်ထောင်တွင် ကိုအောင်ကိုဦး၊ ဦးရဲအောင် (ခေါ်) ဦးချင်း၊ ကိုကျော်သိန်း၊ ကိုမင်းသူနှင့် ကိုဝင်းသီဟတို့သည် အကျဥ်းချခံထားရစဥ် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း၌ သေဆုံးခဲ့ကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက် (DPPN) ၏ မှတ်တမ်းများအရသိရသည်။

၎င်းတို့အနက် ကိုမင်းသူနှင့် ကိုဝင်းသီဟတို့နှစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များ ထောင်ပြင်ပသို့ ခေါ်ဆောင်သွားပြီးနောက် အသတ်ခံခဲ့ရသည်။

“(အကျဥ်းသားကို ထောင်ပြင်ပခေါ်ထုတ်) အသတ်ခံရတဲ့ကိစ္စကတော့ တော်တော်ခံပြင်းပါတယ်။ တရားရုံးက သေမိန့် ပေးတာလည်း မဟုတ်ဘဲနဲ့ ထောင်ကျပြီးသားလူကို ထောင်ထဲကနေ ဥပဒေမဲ့ တံခါးမရှိ၊ ဓါးမရှိလာခေါ်ပြီးတော့ သက်သက်မဲ့ လုပ်တဲ့ကိစ္စဖြစ်တယ် ” ဟု DPPN အဖွဲ့ဝင်တစ်ဦးကပြောသည်။

ကိုကျော်သိန်း၊ ဦးရဲအောင်နှင့် ကိုအောင်ကိုဦးတို့သည် ထောင်တွင်း၌ ကျန်းမာရေးချို့ယွင်းကာ ဆေးဝါးကုသမှု လုံလောက်စွာ မရခဲ့ဘဲ သေဆုံးခဲ့ကြောင်း DPPN ၏ မှတ်တမ်းများအရ သိရသည်။

၎င်းတို့သုံးဦး ကွယ်လွန်ခဲ့သည့်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုလမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိသည် ထားဝယ်ထောင်၌ ကျန်းမာရေးကဏ္ဍ လစ်ဟာနေကြောင်း အကျဥ်းထောင်မှ ပြန်လွတ်မြောက်လာသူများက ဆိုသည်။

ထားဝယ်အကျဥ်းထောင်တွင် ဆရာဝန်တစ်ဦး၊ ဆေးမှူး နှစ်ဦးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း ဆရာဝန် ကွယ်လွန်ခဲ့ကာ ဆေးမှူးတစ်ဦးမှာလည်း CDMပြုလုပ်ခဲ့သည်။

ကျန်သည့် ဆေးမှူးတစ်ဦးမှာလည်း ၂၀၂၃ ခုနှစ်အတွင်း၌ စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။

ယင်းနောက် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် ထားဝယ်ထောင်သို့ ဆေးမှူးအသစ်တစ်ဦး ရောက်ရှိလာသော်လည်း အကျဥ်းကျ နေသူဦးရေ ပမာဏနှင့်တွက်ဆပါက ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဆဲဖြစ်ကြောင်း DPPN ထံမှ သိရသည်။

“လက်ရှိ အပြင်က ပြည်သူတွေရရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေထက် အများကြီးနိမ့်ကျ၊ ဆိုးဝါးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုးပဲ (ထောင်တွင်းမှာ) ရရှိတယ်။ မသေဆုံးသင့်ဘဲ သေဆုံးသွားရတာမျိုးအပြင် မသေရုံတမယ်ဖြစ်ပြီး အသက်ရှင်နေရတဲ့သူတွေလည်း ရှိတယ်။ အိမ်က မိသားစုတွေ (အထောက်အကူ) ပေးနိုင်ကြမှပဲ အဆင်ပြေတယ်” ဟု DPPN အဖွဲ့ဝင်က ပြောဆိုသည် ။

၂၀၂၅ ခုနှစ် ဇွန်လကလည်း ကော့သောင်းထောင်တွင် အကျဥ်းကျနေသည့် နာမကျန်းဖြစ်နေသော နိုင်ငံရေး အကျဥ်းသား ဦးအေးလွင်သည် အချိန်နှင့်တစ်ပြေးညီ ဆေးကုသခံယူမှုမရခဲ့ဘဲ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) ၏ မှတ်တမ်းအရသိရသည်။

PPNM ၏ စာရင်းအရ ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၃နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဥ်းထောင်များ၌ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရဘဲ သေဆုံးခံရသူ ၁၄၈ ဦး၊ အကျဥ်းကျနေစဥ် သတ်ဖြတ်ခံရသူ ၇၅ ဦး နှင့် ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၅၉ ဦး စုစုပေါင်း နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၂၈၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် သေဆုံးမှု၊ သတ်ဖြတ်ခံရမှုများသည် အကျဉ်းထောင်စနစ်အတွင်း စစ်အုပ်စု၏ လူမဆန်သောရာဇဝတ်မှုများကို သက်သေထူနေခြင်းကြောင်း PPNM ကဆိုသည်။