ရန်ကုန်မှ ထားဝယ်သို့ ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ်သုံးသိန်းအထိ မြင့်တက်ခဲ့သည့် လေးယောက်စီး အိမ်စီးကားခများမှာ မေလ ပထမပတ်ကစပြီး ကျပ် နှစ်သိန်းအထိ ဈေးပြန်ကျလာကြောင်း ခရီးသည်နှင့် အိမ်စီးကား ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ပြီးခဲ့သည့် မတ်လနှောင်းပိုင်းမှစ၍ ရန်ကုန်-ထားဝယ် ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ တစ်သိန်းငါးသောင်းကျပ်မှ ကျပ်သုံးသိန်းအထိ မြင့်တက်သွားခဲ့ပြီးနောက် ယခု စက်သုံးဆီဈေး ပြန်ကျလာသည့် မေလ ပထမပတ်အတွင်းမှစ၍ ကျပ် နှစ်သိန်းဝန်းကျင်အထိ ဈေးပြန်ကျလာကြောင်း ရန်ကုန်-ထားဝယ် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
“သုံးသိန်းခွဲအထိ တက်ခဲ့တာ။ ကျွန်တော်တို့ကတော့ သုံးသိန်းလောက်အထိပဲ ယူပေးတယ်။ အခုတော့ ပြန်ကျပါပြီ။ နှစ်သိန်းနှစ်သောင်း၊ နှစ်သိန်း အဲလောက်ပဲ ကျန်တော့တယ်” ဟု အထက်ပါ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူက ပြောသည်။
ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးများ မြင့်တက်ခဲ့သည်။ ယင်းဂယက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း စက်သုံးဆီဈေး မြင့်တက်ခြင်းနှင့် ဝယ်ယူရခက်ခဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထားဝယ်မြို့ ပြင်ပဈေးကွက်တွင် မတ်လ ဒုတိယပတ်အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် တစ်သောင်းခွဲနီးပါးအထိ ဈေးမြင့်တက်ခဲ့ပြီး ယခု မေလ ဒုတိယပတ်တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ငါးထောင်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ခြောက်ထောင်ခန့် ဈေးပြန်ကျသွားခဲ့သည်။
“အခု ရန်ကုန်တက်လာတာ တစ်ယောက်ကို နှစ်သိန်းနှစ်သောင်း တောင်းတယ်။ နှစ်သိန်းပဲယူဆိုပြီး ပြောလို့ နှစ်သိန်းနဲ့ ရတယ်။ လေးယောက် ရှစ်သိန်းပေါ့။ အရင်လက ကားခ တစ်ယောက်ကို သုံးသိန်းခွဲဆိုလို့ ကိစ္စရှိတာတောင် ရန်ကုန်မတက်ဘဲ နေလိုက်ရတယ်” ဟု မေလ ၁၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့မှ ရန်ကုန်သို့ လိုက်ပါသွားသည့် ခရီးသည်တစ်ဦးက ပြောသည်။
စက်သုံးဆီဈေး မြင့်တက်နေချိန်တွင် ခရီးသွားလာမှု နည်းပါးခြင်းကြောင့် ရန်ကုန်-ထားဝယ် ခရီးသည်တင် အိမ်စီးကားလုပ်ငန်း လုပ်ကိုင်သူအချို့ တစ်လနီးပါးကြာ လုပ်ငန်းရပ်နားခဲ့ကြရသော်လည်း ယခုနှစ် သင်္ကြန်ကာလပြီးချိန်မှစ၍ ခရီးသွားများ ပုံမှန်ရှိလာသည့်အတွက် ရပ်နားထားသည့် အိမ်စီးကားလုပ်ငန်းအချို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။







