ဆူဒန်နိုင်ငံတွင် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်သည် ပြင်းထန်သည့် အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာလုံးဆိုင်ရာငတ်မွတ်ခေါင်းပါးမှုစောင့်ကြည့်ရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာကို ကိုးကား၍ Al Jazeera သတင်းဌာနက ဖော်ပြသည်။
သုံးနှစ်ကြာဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် ဆူဒန်နိုင်ငံတွင် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ပေါ်ပေါက်နေကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။
ဆူဒန်ပြည်သူ ၁၉ ဒသမ ၅ သန်းနီးပါးခန့်မှာ ယင်းကဲ့သို့ ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု စောင့်ကြည့်ရေးအဖွဲ့ (IPC) က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဆူဒန်စစ်တပ်နှင့် RSF တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် သုံးနှစ်ကြာပြည်တွင်းစစ်ကြောင့် လူပေါင်းသိန်းချီ သေဆုံးခဲ့ရပြီး ဖြစ်သည်။
သန်းနှင့်ချီသော ပြည်သူများကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ရရုံသာမက ပြင်းထန်သည့် ငတ်မွတ်ခေါင်းပါးမှုဘေးကိုပါ ဖြစ်ပေါ်စေခဲ့သည်။
မြောက်ဒါဖာ၊ တောင်ဒါဖာနှင့် တောင်ကော်ဒိုဖန်ပြည်နယ်များရှိ ဒေသ ၁၄ ခုတွင် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နှင့် ဆက်လက်ရင်ဆိုင်နေရပြီး လူပေါင်း ၁၃၅,၀၀၀ ခန့်မှာ ‘ကပ်ဘေးသင့်’အဆင့်ရှိသည့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရကြောင်း IPC အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source: Al Jazeera







