ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တော၊ ဝကုန်းရွာမှ ခဲဝယ်၊ရောင်း အမျိုးသမီးတစ်ဦးကို KNLA ဖမ်းဆီးထားဟုဆို

April 15, 2026

ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာမှ ခဲအရောင်းအဝယ်လုပ်နေသည့် အမျိုးသမီးတစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖမ်းဆီးသွားသည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မတ်လနောက်ဆုံးပတ်တွင် ဝကုန်းရွာမှ အသက် ၄၈ နှစ်ခန့်အရွယ် ဒေါ်တင်မာဆွေဆိုသူကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နှင့် တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ဒေါ်တင်မာဆွေကို KNU/KNLA တပ်က ဖမ်းဆီးထားသည့် ကိစ္စနှင့် ပတ်သက်ပြီး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောမှူးဂေတို့ကို Dawei Watch က စာပို့မေးမြန်းထားဆဲ ဖြစ်သည်။

မည်သည့်အကြောင်းကြောင့် ဒေါ်တင်မာဆွေကို ဖမ်းဆီးထားခြင်းကိုမူ တိတိကျကျမသိရသေးပေ။

ဗိုလ်အယ်ခွီး ဦးဆောင်သည့် KTLA ဆာကဆောတပ်မက KNU/KNLA တပ်များကို ချုံခိုတိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် KNU/KNLA ဘက်က မတ်လ တတိယအပတ်မှ စတင်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ယင်းကြောင့် မတ်လ တတိယအပတ်မှ စတင်ကာ KTLA ဆာကဆောတပ်မနှင့် KNU/KNLA တပ်တို့ ကျောက်တွင်း၊ ဖောင်းတော၊ ဟိန္ဒားပြင် စသည့် ဒေသတစ်လျှောက်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

ဟိန္ဒားပြင်ရွာဘက် ပစ်ခတ်မှုအပြီးတွင် ဝကုန်းရွာ၌ ခဲအရောင်းအဝယ်ပြုလုပ်နေသူ ဒေါ်တင်မာဆွေကို KNLA တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဝကုန်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒေါ်တင်မာဆွေသည် ၂၀၂၂ ခုနှစ်ခန့်က ဗိုလ်အယ်ခွီးနှင့်အဖွဲ့ကို အားပေးထောက်ပံ့ခဲ့သူဖြစ်ပြီး KNU တပ်မဟာ (၄) နှင့် KTLA ဆာကဆောတပ်မတို့အကြား ပဋိပက္ခများဖြစ်လာချိန် ပြေလည်မှုရရှိစေရန် ကြားဝင်စေ့စပ်နိုင်ရေး ကြိုးစားခဲ့သေးကြောင်း ၎င်းကိုယ်တိုင် ပြောဆိုဖူးသည်။