ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထရမ့်အား သမ္မတရာထူးမှ ဖယ်ရှားမည့် ကော်မရှင်ဖွဲ့ရန် ဒီမိုကရက်အမတ်များ အဆိုပြု

April 15, 2026

ဓာတ်ပုံ - Win McNamee/Getty Images

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား သမ္မတရာထူးနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်နိုင်ရန်အတွက် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် အောက်လွှတ်တော် ဒီမိုကရက်အမတ်များက ဧပြီလ ၁၄ ရက်နေ့တွင် အဆိုပြုတင်သွင်းလိုက်သည်။

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ၂၅ အရ သမ္မတထရမ့်အား အရည်အချင်းမပြည့်မီလျှင် ရာထူးမှ ဖယ်ရှားနိုင်မည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် အောက်လွှတ်တော်ဒီမိုကရက်အမတ်များက အဆိုပြုထားခြင်း ဖြစ်သည်။

ယင်းကော်မရှင်ဖွဲ့စည်းရန် အဆိုပြုချက်ကို အောက်လွှတ်တော် တရားရေးကော်မတီမှ ထိပ်တန်းဒီမိုကရက်အမတ်ဂျေမီရတ်စကင်က ဦးဆောင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကော်မရှင်အနေဖြင့် ဒုတိယသမ္မတဂျေဒီဗန့်စ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုထားကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အငြင်းပွားဖွယ်ရာ လူသိရှင်ကြား ပြောဆိုချက်နှင့် လုပ်ရပ်များစွာကြောင့် ယင်းကော်မရှင်ဖွဲ့စည်းရန် အဆိုပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတို့တွင် အီရန်အနေဖြင့် ၎င်း၏ တောင်းဆိုချက်များကို မလိုက်လျောပါက “အီရန်လူ့အဖွဲ့အစည်းတစ်ခုလုံး သေဆုံးရလိမ့်မည်”ဟု မကြာသေးခင်က ထရမ့်၏ အီရန်ကို ခြိမ်းခြောက်မှုလည်း ပါဝင်သည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထရမ့်က ၎င်းကိုယ်၎င်း ယေရှုခရစ်တော်သဖွယ် ဖော်ပြထားသည့် ဓာတ်ပုံတင်ထားသည့် လုပ်ရပ်လည်း ပါဝင်သည်။

အသက် ၇၉ နှစ်အရွယ်ရှိ သမ္မတဒေါ်နယ်ထရမ့်သည် နိုင်ငံကို ဦးဆောင်ရန် အရည်အချင်းမပြည့်မီတော့ကြောင်း ၎င်း၏ အငြင်းပွားဖွယ်ရာ အဆိုပါ ပြောဆိုချက်များနှင့် လုပ်ရပ်များကို အချက်အလက်အထောက်အထားအဖြစ် အသုံးပြုကာ ဒီမိုကရက်လွှတ်တော်အမတ်များနှင့်အခြားအတိုက်အခံများက ပြောဆိုလာကြခြင်း ဖြစ်သည်။

ယင်းသို့ ထုတ်ဖော်ပြောဆိုလာကြသူများတွင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရန်နန်လည်း ပါဝင်သည်။

ယင်းကြောင့် ဒုတိယသမ္မတဂျေဒီဗန့်စ်အနေဖြင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပူးပေါင်းကာ သမ္မတထရမ့်အား ရာထူးမှ ဖယ်ရှားသင့်သည်ဟု ၎င်းတို့က တိုက်တွန်းနေကြသည်။

“ဒေါ်နယ်ထရမ့်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာ၊ လွှတ်တော်ရဲ့ စစ်ဘက်ဆိုင်ရာလုပ်ပိုင်ခွင့်တွေကို ချိုးဖောက်ပြီး အရှေ့အလယ်ပိုင်းမှာ ပရမ်းပတာအခြေအနေတွေ ဖန်တီးတာ၊ ကက်သလစ်ပုပ်ရဟန်းမင်းကြီးကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားတာနဲ့ မိမိကိုယ်ကို ယေရှုခရစ်တော်နဲ့ တူအောင် လုပ်ထားတဲ့ ပုံတွေ အွန်လိုင်းပေါ် တင်တာတွေ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သူ့ရဲ့ တာဝန်ထမ်းဆောင်နိုင်စွမ်းအပေါ် လူထုရဲ့ယုံကြည်မှုဟာ စံချိန်တင်လောက်အောင် ထိုးဆင်းသွားပါပြီ” ဟု ရက်စကင်က ဆိုသည်။

“ကျွန်တော်တို့ဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိနေတာဖြစ်လို့ အမေရိကန်ပြည်သူတွေကို အခုလို ပိုဆိုးရွားလာတဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကနေ အကာအကွယ်ပေးဖို့ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ၂၅ အရ တာဝန်ကျေပွန်စွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သမ္မတထရမ့်အား ရာထူးမှ ဖယ်ရှားရန် ရည်ရွယ်သည့် ကော်မရှင်ဖွဲ့စည်းရန် ဥပဒေကြမ်းအဆိုပြုချက်ကို နောက်ထပ်ဒီမိုကရက်အောက်လွှတ်တော်အမတ် ၅၀ ဦးက ပူးတွဲကူညီတင်သွင်းထားကြသည်။

သို့ရာတွင် ရီပတ်ဘလစ်ကန်အမတ်များ ထိန်းချုပ်ထားသည့် အောက်လွှတ်တော်အတွင်း၌ ယင်းအဆိုပြုချက် အောင်မြင်ရန်မှာ အလွန်ခဲယဉ်းလှကြောင်း The Guardian သတင်းစာက ဖော်ပြသည်။

ရီပတ်ဘလစ်ကန်အမတ်အချို့က သမ္မတထရမ့်၏ မူဝါဒများကို ဆန့်ကျင်ရန် ဆန္ဒရှိကြသော်လည်း ၎င်း၏ တာဝန်ထမ်းဆောင်နိုင်စွမ်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ စိုးရိမ်ပူပန်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

Source: The Guardian