ထားဝယ်မြို့ပေါ်တွင် စစ်ဘေးလာရှောင်နေသည့် အမျိုးသမီးတစ်ဦး သင်္ကြန်အကြိုနေ့က ဒရုန်းဗုံးအစ ထိမှန်၍ ဒဏ်ရာရသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေ ၃ နာရီကျော်အချိန်တွင် ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက် နတ်စင်လမ်းထဲတွင် ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။
ဒရုန်းဗုံးကျသည့် ရှမ္မလည်ဆွဲရပ်ကွက် နတ်စင်လမ်းထိပ်သည် ဗဟိုမဏ္ဍပ်နှင့်အဖြာင့်တိုင်းပါက မီတာ ၆၀၀ ခန့်သာ ကွာဝေးသည်။
အဆိုပါ ဒရုန်းဗုံးစသည် နတ်စင်လမ်းထဲတွင် စစ်ဘေးလာရှောင်နေသူ အမျိုးသမီးတစ်ဦးကို ထိမှန်ခဲ့ကြောင်း မျက်မြင်တွေ့သူတို့က ပြောဆိုသည်။
“ဗုံးစက ခါးကနေတစ်ဆင့် ဗိုက်ထဲကိုဝင်သွားတဲ့ အနေအထားရှိတယ်။ ဒဏ်ရာကတော့ တော်တော်ပြင်းတယ်။ အခု ထားဝယ်ဆေးရုံကြီးမှာ တင်ထားတယ်” ဟု ကိုယ်တိုင်တွေ့ရသူ မြို့ခံက ဆိုသည်။
ဗုံးစထိမှန်သည့် အမျိုးသမီးမှာ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာမှ ရှမ္မလည်ဆွဲရပ်ကွက် နတ်စင်လမ်းထဲတွင် စစ်ဘေးလာရောက်တိမ်းရှောင်နေသူ ဒေါ်စန်းယုဆိုသူဖြစ်ကြောင်း ရပ်ကွက်နေသူတို့က ပြောဆိုသည်။
အဆိုပါ အမျိုးသမီးတစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိပြီး အခြားထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
စစ်လော်ဘီတယ်လီဂရမ်ချယ်နယ်တို့တွင်မူ ဒဏ်ရာရသူမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်စန်းမူဟု ဖော်ပြထားသည်။
ဗုံးကျပြီးနောက် စစ်အာဏာရှင်တပ်က နတ်စင်လမ်းထဲသို့ လာရောက်စစ်ဆေးခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြောင်းလည်း ရပ်ကွက်နေသူတို့က ပြောဆိုသည်။
“(စစ်တပ်က) ဗုံးကျတာကို လာစစ်ဆေးတယ်။ ပြီးတော့ အေးအေးဆေးဆေးပဲ ပြန်သွားကြတယ်” ဟု ကိုယ်တိုင်အစစ်ခံရသူ တစ်ဦးက ပြောသည်။
ထားဝယ်မြို့တွင် သင်္ကြန်အကြိုနေ့ကတည်းက လွှတ်တော်၊ ဝန်ကြီးများအိမ်ရာနှင့် စစ်ကောင်စီ တိုင်းရင်းသားရေးရာဝန်ကြီးမဏ္ဍပ် တို့ရှိသည့် နေရာအနီးဝန်းကျင်၊ တိုင်းရဲတပ်ဖွဲ့ရုံး၊ ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဗဟိုမဏ္ဍပ်ရှိသည့် အနီးဝန်းကျင်သို့ ဒရုန်းဖြင့် ဗုံးချခံရမှုများရှိနေကြောင်း မြို့ခံတို့က ပြောသည်။
သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် ညအချိန်ကလည်း ဗဟိုမဏ္ဍပ်အနီး ဒရုန်းဖြင့် ဗုံးချခံရသေးကြောင်း အနီးနားရှိ မြို့ခံတို့ကပြောသည်။ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။
သင်္ကြန်အချိန် ဒရုန်းဖြင့် ဗုံးချခံရသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် တနင်္သာရီတိုင်း စစ်အစိုးရ လူမှုရေးဝန်ကြီး ထံသို့ Dawei Watch က ဧပြီ ၁၄၊ ၁၅ နှစ်ရက်ဆက် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
အဆိုပါဒရုန်းဗုံးချခြင်းနှင့်ပတ်သက်ပြီး ဧပြီလ ၁၅ ရက် နေ့လယ် ၁၁ နာရီကျော်အချိန်အထိ အခြားမည်သည့်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။







