ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်လာပြီး အနိမ့်ပိုင်းရပ်ကွက်အချို့ စတင်ရေလွှမ်း

July 14, 2026

ပုံစာ - ယနေ့ တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေသည်ကို တိုင်းတာထားစဉ်။ ဓာတ်ပုံ - တနင်္သာရီ ကြက်ခြေနီ ။

တနင်္သာရီမြို့အနီး စီးဆင်းနေသည့် တနင်္သာရီမြစ်ရေသည် ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိနေပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဟု သတ်မှတ်ထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ တနင်္သာရီမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် မိုးကြီးနေပြီး မြစ်ရေ တဖြည်းဖြည်း တက်လာပြီးနောက် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီအတိုင်းသာဆို နောက်တစ်နေ့မှာတင် ရွှေ့ရနိုင်တယ်။ မနေ့ကထက် (မြစ်ရေ) ၅ ပေ တိုးတာဆိုတော့လေ။ မိုးကတော့ ရွာနေဆဲပဲ” ဟု တနင်္သာရီမြို့ခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်း တနင်္သာရီမြစ်ရေတက်မှုကြောင့် တနင်္သာရီမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် နေအိမ်နှင့် လမ်းများပေါ်၌ ရေစတင်ဝင်ရောက်နေပြီဖြစ်ကြောင်း မြို့ခံအချို့ မှတ်တမ်းတင်ထားသည့် ရုပ်သံများတွင် တွေ့ရသည်။

တနင်္သာရီမြစ် မြစ်ဖျားခံရာ ထားဝယ်အရှေ့တောဒေသမှ ချောင်းအချို့တွင်မူ ပြီးခဲ့သည့် ၂ ရက်ခန့်ကတည်းက ရေတက်နေပြီး ကျေးရွာအချို့ ရေကြီးရေလျှံနေကြောင်း အရှေ့တောဒေသခံများထံမှ သိရသည်။

“ဖျားရေ (လဆန်း၊ လဆုတ် တက်သည့်ရေ) နဲ့ မိုးရွာနေတဲ့ရေနဲ့ဆိုတော့ အတော်တက်လာတယ်။ နိမ့်တဲ့အိမ်တွေ ရေဝင်နေတယ်။ ဒူးအောက်ထိတော့ ရေရောက်နေတယ်” ဟု ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ကော့သောင်းမြို့တွင်လည်း မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ ဇူလိုင်လ ၁၃ ရက်ညက သစ်ပင်အချို့နှင့် ဓာတ်မီးတိုင်အချို့ လဲကျကြောင်း မြို့ခံများထံမှ သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့် ယနေ့မှစ၍ ဇူလိုင်လ ၂၀ ရက်အတွင်း တနင်္သာရီအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း ဖြစ်ပေါ်နိုင်သဖြင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်လည်း မိုးဇလက သတိပေးထားသည်။