ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးမြို့အနီး စစ်ပြဲရွာတွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်

June 14, 2026

လောင်းလုံးမြို့အနီးရှိ စစ်ပြဲကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၅ နာရီ ခန့်မှစ၍ ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

စစ်ပြဲကျေးရွာသို့ ဇွန်လ ၁၃ ရက် နံနက် ပိုင်းတွင် ပြန်လည်ရောက်ရှိလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ် တို့က ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာမှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အခု ညနေ ၃နာရီလောက်အထိ ပစ်သံကြားနေတုန်း။ လက်နက်ကြီးတွေလည်း အနီးအနား လာပေါက်နေတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ် ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ထားဝယ်မြို့ပေါ်ရှိ အမြောက်တပ်ကလည်း ပစ်ကူပေးလျက်ရှိ ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ပြဲဘက် (စစ်ပြဲမှာရှိတဲ့ စစ်အာဏာရှင်တပ်) ကလည်း အခုအထိ ပစ်နေတုန်း” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။

လက်နက်ကြီးကျည်တစ်လုံး စစ်ပြဲကျေးရွာအနီးရှိ လေးသွန်းခံရွာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ကျည်စထိမှန်ကြောင်း ကနဦးသိရှိရပြီး ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

အင်အား နှစ်ရာကျော်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇွန်လ ၂ ရက်ကစပြီး လောင်းလုံးမြို့အနီးရှိ ညင်းမော်ကျေးရွာ၊ ညင်းမော်နှင့်တစ်ဆက်တည်းရှိသည့် စစ်ပြဲကျေးရွာတို့ကို သွားလိုက် လာလိုက် တပ်စွဲနေထိုင် နေခြင်းဖြစ်သည်။

စစ်ပြဲကျေးရွာတွင် မေလ ၂၂ရက်ကစပြီး ယနေ့အထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်ရှစ်ဆောင်နှင့် စပါးကျီနှစ်ခုကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အသက်မွေးဝမ်းကျောင်း အလုပ်များကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံထောင်နှင့်ချီ ရှိသည်။