တနင်္သာရီမြို့နယ် မော်တုန်းရွာ (အနောက်ကမ်း) ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချ၍ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် ၃၀၆ အမြောက်တပ်မှ ဒရုန်းဖြင့် မော်တုန်းရွာ (အနောက်ကမ်း) ကူးတို့ဆိပ်အနီးသို့ ၁၂၀ မမ ဗုံးသီး ၁ လုံးချ၍ တိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၁ စီး ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဒရုန်းက (ပန်ကာ)ခြောက်ရွက်ဒရုန်း တစ်လုံးကြဲလိုက်တာ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးသွားတယ်။ ကျေသွားတယ်။ လူထိခိုက်မှုမရှိကြောင်းတော့ ကနဦးသိထားရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
တနင်္သာရီမြစ်၏ တစ်ဖက်တစ်ချက်တွင် မော်တုန်းရွာ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတို့တည်ရှိပြီး ရွာအတွင်းတွင် ဒေသခံများ နေထိုင်လျက်ရှိကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“ရွာထဲမှာ လူနေကြတယ်။ ဆိုင်ကယ်လောက်ပဲ ထိသွားတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ လမ်းမကြီးမှာ စစ်ကားတွေ အတက်အဆင်းရှိလည်း တိုက်ပွဲမဖြစ်တာ တော်တော်ကြာပြီ။ တိုက်ပွဲမဖြစ်ဘဲလည်း အခုဒရုန်းနဲ့လာချနေတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
မော်တုန်းရွာ၏ အနောက်ဘက်ကမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး အရှေ့ဘက်ကမ်းကို စစ်အာဏာရှင်တပ်များက ထိန်းချုပ်ထားသည်။







