အီရန်စစ်ပွဲ အဆုံးသတ်ရေး အကြိုသဘောတူညီချက်တစ်ရပ်ကို ယနေ့ (တနင်္ဂနွေနေ့)တွင် လက်မှတ်ထိုးမည် ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန်နိုင်ငံတို့က ဇွန်လ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
အီရန်နိုင်ငံကမူ ယင်းသို့ အလျင်အမြန် လက်မှတ်ရေးထိုးလိမ့်မည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီကမူ လက်မှတ်ရေးထိုးမည့် အချိန်ကာလနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခြင်းမပြုရန် စနေနေ့ အစောပိုင်းက သတိပေးပြောဆိုထားသည်။
“နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည့် တိကျတဲ့ရက်စွဲကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ မနက်ဖြန် လက်မှတ်ထိုးမယ်ဆိုတာကတော့ မဟုတ်ပါဘူး” ဟု ၎င်း၏ ပြောကြားချက်ကို အီရန်အစိုးရပိုင်မီဒီယာက ဖော်ပြထားသည်။
ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်အတွက် မူဘောင်တစ်ခုကို အမေရိကန်နှင့် အီရန်နှစ်ဘက်စလုံးက သဘောတူညီခဲ့ကြပြီးဖြစ်၍ တနင်္ဂနွေနေ့တွင် အီလက်ထရောနစ်စနစ်ဖြင့် လက်မှတ်ရေးထိုးနိုင်ရန် အစ္စလာမာဘတ်အနေဖြင့် ပြင်ဆင်နေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ဇ်ရှာရစ်ဖ်က ဆိုသည်။
လာမည့်သီတင်းပတ်အတွင်း နည်းနာပိုင်းအဆင့်ထိ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။
ယင်းသို့ လက်မှတ်ရေးထိုးပြီးနောက် အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို အားလုံးအတွက် ချက်ချင်းပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။
Source: Reuters







