ထားဝယ်မြို့နှင့် အနီးဝန်းကျင်တွင် မေလ ပထမနှစ်ပတ်အတွင်း လူငယ် ဆယ်နှင့်ချီပြီး စစ်မှုထမ်းစုဆောင်းခံရကြောင်း မြို့ခံများနှင့် ခရီးသွာဒေသခံများထံမှ စုံစမ်းသိရသည်။
စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်ရေးအဖွဲ့သည် ယနေ့ မေလ ၁၄ရက် မွန်းလွဲ ၁နာရီခန့်မှစ၍ ထားဝယ်မြို့ ၇ လမ်း၊ ပေါက်တိုင်းနှင့် ကမြောကင်း တံတားစစ်ဆေးရေးဂိတ်တို့တွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို ဖမ်းဆီးစုဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ပေါက်တိုင်းနှင့် ကမြောကင်းတံတားဂိတ် နှစ်ခုတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသား ၁၀ဦးကျော် ဖမ်းဆီးခံထားရသည်ကို တွေ့ရှိ ခဲ့ကြောင်း ယနေ့ ညနေ ၃နာရီခန့်တွင် မြင်တွေ့ခဲ့ရသည့်အခြေအနေကို မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ မေလ ၁၃ ရက် ညနေပိုင်းကလည်း ထားဝယ်မြို့၊ ကမ်းနားလမ်းတွင် ခရီးသွားပြည်သူများကို စစ်အာဏာရှင်တပ်က စစ်ဆေးခဲ့ပြီး လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားအချို့ကို စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။
ယင်းအပြင် မေလ ၉ရက်ကလည်း ထားဝယ်မြို့သစ် ၇လမ်းနှင့် ကမြောကင်းတံတားတို့တွင် လူငယ်များကို ဖမ်းဆီး စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း မြို့ခံများက ပြောသည်။
မေလ ၉ ရက်နှင့် ၁၃ ရက်တို့တွင်လည်း လူငယ်၊ လူလတ်ပိုင်းအမျိုးသား ဆယ်ဂဏန်း အဓမ္မစစ်မှုထမ်းစုဆောင်းခံခဲ့ရကြောင်း မြို့ခံများက ပြောဆိုကြသည်။
ထို့ကြောင့် မေလ ပထမနှစ်ပတ်အတွင်း လူငယ်၊ လူလတ်ပိုင်း အမျိုးသား ၂၀ဦးထက်မနည်း အဓမ္မစစ်မှုထမ်းစုဆောင်းခံခဲ့ရကြောင်း မြို့ခံများ၏ ပြောဆိုချက်များအရ သိရသည်။
မေလ ၉ရက်က ထားဝယ်မြို့ ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်နှစ်ဦး ပစ်ခတ်ခံရပြီးနောက် စစ်အာဏာရှင် တပ်သည် ထားဝယ်မြို့အတွင်း နေ့ရောညပါ အစစ်အဆေးတင်းကျပ်လျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။
ညဘက်တွင် ဟိုတယ်၊ တည်းခိုခန်းနှင့် အဆောင်များကိုပါ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးလာကြောင်း မြို့ခံများက ပြောသည်။







