ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်မြို့ အမှတ် ၃ရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

May 14, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ အမှတ် ၃ ရွာကို ယနေ့ ညနေတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မေလ ၁၄ရက် ညနေ ၄နာရီ ၃၀မိနစ် စစ်အာဏာရှင်တပ်က လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဗုံးကြဲမှု နောက်ဆက်တွဲ အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

တနင်္သာရီ-မောတောင်လမ်းပိုင်းကို စစ်အာဏာရှင်တပ် အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေသဖြင့် အမှတ် ၁ ရွာမှ အမှတ် ၉ ရွာအထိ ကျေးရွာ ကိုးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအခြားတစ်ဦးက ပြောသည်။

“ရွာတွေမှာက ဘယ်သူမှ မရှိလို့ အသေးစိတ် မသိရသေးဘူး။ အကုန်‌ရှောင်နေကြတယ်”ဟု အထက်ပါ ဒေသခံက ယနေ့ ညနေပိုင်း လေကြောင်းတိုက်ခိုက်မှု ကိစ္စနှင့် ပတ်သက်၍ ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ဧပြီလ ၂၁ ရက်မှစတင်ကာ ကားအစီး ၄၀ ကျော်ဖြင့် စစ်ကူအင်အား ငါးကြိမ် ဖြည့်တင်းခဲ့ပြီးနောက် တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။

ယင်းအပြင် စစ်အာဏာရှင်တပ်သည် လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

စစ်အာဏာရှင်တပ်သည် ဧပြီလမှ ယနေ့ မေလ ၁၄ ရက်အထိ လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ရာ ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ နေအိမ် ၁၀ ဆောင်ထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောင်မြို့ကို ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် သိမ်းယူခဲ့သည်။ လက်ရှိတွင် စစ်အာဏာရှင်တပ်က အင်အားသုံးပြီး မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။