သရက်ချောင်းမြို့နယ် ဝင်းဝစခန်း စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြောင်း ဒေသခံအချို့က ပြောသည်။
မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းရှိ ဝင်းဝစခန်းတွင် မတ်လ ၃၁ရက်က တပ်ပြန်စွဲထားသည့် စစ်အာဏာရှင်တပ်သည် ဆိုင်ကယ်များကို ဖြတ်သန်းခွင့် ပိတ်ထားသဖြင့် လိုင်းကားဖြင့်သာ သွားလာနေရကြောင်း ဒေသခံအချို့က ဆိုသည်။
“ဆိုင်ကယ်ဆို လုံးဝမဖြတ်ခိုင်းဘူး။ ကားနဲ့သွားမှ ရတယ်။ ဆိုင်ကယ်တို့ ထော်လာဂျီတို့၊ သုံးဘီးတို့ဆို လုံးဝမဖြတ်ခိုင်းဘူး။ ဝင်းဝဂိတ်မှာ အခုလုံးဝ ဖြတ်မရဘူး။ ဘာဖြစ်လို့လဲဆိုတာတော့ မသိဘူး။ ရငဲ (ရွာ) တို့ စုံစင်ဖျား (ရွာ) တို့မှာ ခြံတွေဘာတွေ ရှိတာကိုး လူကြီးပိုင်းတွေ (ဆိုင်ကယ်နဲ့) သွားဖြတ်လည်း ပြန်လွှတ်တယ်” ဟု မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
လယ်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေသခံများသည် ဆိုင်ကယ်စီးခွင့် ပိတ်ထားသဖြင့် လိုင်းကား၊ လှေ၊ တက္ကစီတို့ဖြင့် သွားလာနေရကြောင်း ဒေသခံအချို့က ဆိုသည်။
“အခုက ဝင်းဝမှာ ဆိုင်ကယ်ပေးမစီးတော့ တခြားရွာမှာ စစ်ဘေးရှောင်နေတဲ့သူတွေလည်း ကိစ္စရှိရင် လိုင်းကားနဲ့ပဲ သွားနေရတယ်။ တော်ရုံတန်ရုံ ကိစ္စမရှိရင် မသွားကြတော့ဘူး။ တောလမ်းက သွားဖို့ကလည်း မြေမြှုပ်မိုင်းတွေရှိတယ်” ဟု ဒေသခံ အခြားတစ်ဦးက ပြောသည်။
ဆိုင်ကယ်စီးခွင့်ပိတ်ထားသဖြင့် လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများ သွားလာရေး ခက်ခဲနေပြီး စစ်ဘေးရှောင်များမှာလည်း သွားလာရေး အခက်အခဲကြုံနေကြောင်း ဒေသခံများထံမှ သိရသည်။
ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၀ရက်ခန့်တွင် စတင်တိုက်ခိုက်ပြီး မတ်လ ၁၁ ရက်တွင် သိမ်းယူနိုင်ခဲ့သည်။
ယင်းနောက် ရက် ၂၀ ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က မတ်လ ၃၁ ရက်တွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီး ဝင်းဝစခန်းကို အခိုင်အမာ ပြန်လည်တည်ဆောက်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။







