ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်ဝမ်အရေး တရုတ်နှင့် အမေရိကန် ပဋိပက္ခဖြစ်နိုင်ဟု ရှီကျင့်ဖျင်က ထရမ့်ကို သတိပေး

May 14, 2026

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို အန္တရာယ်ရှိသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်ပြီး ပဋိပက္ခများအထိပင် ဦးတည်သွားစေနိုင်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ယနေ့ မေလ ၁၄ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။

ယနေ့ ကြာသပတေးနေ့တွင် စတင်သည့် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖျင်က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးမှုများ တိုးတက်မှုရှိနေကြောင်း ပြောကြားခဲ့သော်လည်း ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ယင်းသို့ သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ အဆိုပါ သတိပေးချက်မှာ ခမ်းနားထည်ဝါသည့် အခမ်းအနား အဆောင်အယောင်ကြားမှ ပြတ်သားလွန်းသည့် သတိပေးချက်တစ်ခုဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

သမ္မတထရမ့်ကမူ ယခုထိပ်သီးတွေ့ဆုံပွဲကို ‘သမိုင်းတလျှောက် အကြီးကျယ်ဆုံး ထိပ်သီးတွေ့ဆုံမှု’ ဖြစ်နိုင်ကြောင်း တင်စားပြောဆိုခဲ့သည်။

ယခု ထိပ်သီးတွေ့ဆုံပွဲသည် အီရန်စစ်ပွဲကြောင့် သမ္မတထရမ့်အပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းနေချိန်တွင် အမေရိကန်၏ အဓိကမဟာဗျူဟာမြောက်နှင့် စီးပွားရေးပြိုင်ဘက် တရုတ်နိုင်ငံကို ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် လာရောက်သည့် ခရီးစဉ် ဖြစ်သည်။

ခမ်းနားထည်ဝါလှသော ကြိုဆိုပွဲအခမ်းအနားအပြီးတွင် သမ္မတထရမ့်က တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်အပေါ် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး အချိန်အတော်ကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ခင်ဗျားဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ တစ်ခါတလေ ကျွန်တော် ဒီလိုပြောတာကို တချို့က သဘောမကျကြပေမယ့် ကျွန်တော်ကတော့ ပြောမှာပါပဲ” ဟု သမ္မတထရမ့်က ၎င်း၏ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဒါဟာ သမိုင်းမှာ အကြီးကျယ်ဆုံး ထိပ်သီးအစည်းအဝေး ဖြစ်လာနိုင်တယ်လို့ ပြောနေကြသူတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

သမ္မတရှီနှင့် ဆွေးနွေးမှုများ မည်သို့ရှိသနည်းဟု သတင်းထောက်များက မေးမြန်းရာတွင် ထရမ့်က “အလွန်ကောင်းမွန်ပါသည်” ဟုသာ ဖြေကြားခဲ့ပြီး အသေးစိတ်ထည့်သွင်းပြောဆိုခြင်း မရှိပေ။

ထိုင်ဝမ်အရေးကို ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ နောက်ဆက်တွဲ မေးခွန်းများ သတင်းထောက်များက မေးမြန်းခဲ့သော်လည်း သမ္မတထရမ့်က တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

Source: Reuters ၊ CAN