တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် ရွာသားတစ်ဦး သရက်သီးသွားခူးစဉ် မိုင်းနင်းမိပြီး ခြေပြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၂ ရက် နေ့လယ် ၂ နာရီခန့်တွင် ခြောက်မိုင်ရွာသားတစ်ဦး ခြံထဲ၌ သရက်သီးသွားခူးစဉ် မိုင်းနင်းမိပြီး ခြေပြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်သားများ ရွာထဲတွင် မရှိသည့်အချိန် ရွာသားများ ရွာထဲပြန်ဝင်ပြီး အသီးအနှံများ ခူးစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သရက်သီးသွားကောက်နေတာက လူတစ်ဆယ်လောက်ရှိပြီ။ သူကျမှ ထိသွားတယ်။ အိမ်နောက်ဖက်က သရက်ပင်မှာတင် ထိသွားတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။
မိုင်းထိသွားသူသည် ခြောက်မိုင်ရွာသား အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ခြေပြတ်သွားသဖြင့် တနင်္သာရီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“စစ်သားတွေက ကားအတက်အဆင်းရှိရင် ရွာထဲကင်းပြန်လာယူကြတယ်။ ရွာထဲမှာ တပ်စွဲထားတာမျိုးတော့ မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
ခြောက်မိုင်ရွာတွင် ဧပြီလ ၃၀ ရက်နေ့က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျည်ဆန်ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။







