ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန် ပိတ်ဆို့မှုကြောင့် ကျူးဘားတွင် ဒီဇယ်နှင့် ရေနံ လုံးဝပြတ်လပ်

May 14, 2026

အမေရိကန်၏ ပိတ်ဆို့မှုခံထားရသည့် ကျူးဘားနိုင်ငံတွင် ဒီဇယ်နှင့် ရေနံလုံးဝပြတ်တောက်သွားပြီဖြစ်ကြောင်း ကျူးဘားစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးက မေလ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။

အမေရိကန်၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် နိုင်ငံအတွင်း လောင်စာဆီရရှိရန် အခက်အခဲဖြစ်နေပြီး မြို့တော်ဟာဗားနားတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး လျှပ်စစ်မီးပြတ်တောက်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

“ကျွန်တော်တို့မှာ ရေနံရော ဒီဇယ်ရော လုံးဝမရှိတော့ပါဘူး” ဟု ကျူးဘားစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဗင်းဆင့်ဒီလာအိုက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားစနစ်မှာလည်း စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းနှင့် အရန်လောင်စာဆီများလည်း မရှိတော့ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

မကြာသေးမီရက်ပိုင်းအတွင်း မြို့တော်ဟာဗားနားနေရာအနှံ့တွင် လျှပ်စစ်မီးပြတ်တောက်မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။

ရပ်ကွက်အများစုတွင် တစ်နေ့လျှင် နာရီ ၂၀ မှ ၂၂ နာရီအထိ လျှပ်စစ်မီးမရရှိကြောင်း အဆိုပါ ဝန်ကြီးက ပြောသည်။

ယင်းအခြေအနေက စားနပ်ရိက္ခာ ၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် အတိဒုက္ခရောက်နေရသည့် မြို့ခံလူထုအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာစေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားစနစ်သည် ပြည်တွင်းဖြစ် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့အပေါ်၌သာ လုံးလုံးလျားလျား မှီခိုလည်ပတ်နေရကြောင်း ကျူးဘားစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဗင်းဆင့်ဒီလာအိုက ဆိုသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျူးဘားအစိုးရက နိုင်ငံအတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ၁,၃၀၀ မဂ္ဂါဝပ်အထိ တပ်ဆင်ခဲ့သည်။

သို့ရာတွင် လောင်စာဆီပြတ်လပ်မှုများကြောင့် လျှပ်စစ်စနစ်မတည်ငြိမ်မှုများဖြစ်ပေါ်ကာ အဆိုပါ စွမ်းအင်ပမာဏအများစုမှာ လေလွင့်ဆုံးရှုံးနေရသဖြင့် ထုတ်လုပ်နိုင်စွမ်းနှင့် ထိရောက်မှုကို ကျဆင်းစေကြောင်း ဗင်းဆင့်ဒီလာအိုက ဆိုသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုနှစ် ဇန်နဝါရီလတွင် ကျူးဘားအပေါ် လောင်စာဆီပိတ်ဆို့ဖြတ်တောက်ရန် သမ္မတအမိန့်အာဏာထုတ်ပြန်ခဲ့သည်။

ယင်းလုပ်ရပ်သည် ကျူးဘားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးတို့အပေါ် ဆိုးရွားသော နောက်ဆက်တွဲအကျိုးဆက်များ သက်ရောက်စေကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက မကြာသေးမီက သတိပေးခဲ့သည်။

ကွန်မြူနစ်စနစ်ဖြင့် အုပ်ချုပ်သည့် ကျူးဘားနိုင်ငံကို အမေရိကန်က ၁၉၆၀ ပြည့်နှစ်ကာလကတည်းက ကုန်သွယ်ရေးပိတ်ဆို့မှုများ လုပ်ဆောင်လာခဲ့သည်။

ကျူးဘားသို့ ရေနံတင်ပို့ပေးနေသည့် နိုင်ငံများကို ကုန်သွယ်ခွန်တိုးမြှင့်မည် ၊ ကျူးဘားကို စစ်ရေးအရ အရေးယူနိုင်သည်ဟုလည်း ထရမ့်အစိုးရက ယခုနှစ်အတွင်း အကြိမ်ကြိမ် သတိပေးကာ ကျူးဘားအပေါ် ဖိအားပေးမှု ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

Source: Reuters