အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့မည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်တွင် ၎င်းတို့ ပါဝင်မည်မဟုတ်ကြောင်း နေတိုးမဟာမိတ်နိုင်ငံများက ဧပြီလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယင်းအစား တိုက်ပွဲများ ပြီးဆုံးသွားသည့်အချိန်မှသာ ကြားဝင်ဆောင်ရွက်ပေးမည်ဟု နေတိုးမဟာမိတ်နိုင်ငံများက အဆိုပြုထားသည်။
ယင်းအဆိုပြုချက်အပေါ် သမ္မတထရမ့်က ဒေါသထွက်နိုင်ကာ နေတိုးမဟာမိတ်အဖွဲ့အတွင်း တင်းမာမှုများကိုလည်း ပိုမိုမြင့်တက်လာစေနိုင်ဖွယ်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
“ပိတ်ဆို့မှုက မကြာခင် စတင်တော့မှာပါ။ ဒီပိတ်ဆို့မှုမှာ တခြားနိုင်ငံတွေလည်း ပါဝင်လာကြမှာပါ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် တနင်္ဂနွေနေ့က ရေးသားဖော်ပြခဲ့သည်။
သို့သော် ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နေတိုးမဟာမိတ်များကမူ ၎င်းတို့အနေဖြင့် ပိတ်ဆို့မှုတွင် ပါဝင်ခြင်းဖြင့် ပဋိပက္ခအတွင်းသို့ ဆွဲသွင်းခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအစား ကမ္ဘာ့ရေနံထောက်ပံ့မှု ငါးပုံတစ်ပုံခန့် ပုံမှန်ဖြတ်သန်းနေသည့် အဆိုပါ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေကြောင်း ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ဒီပိတ်ဆို့မှုကို ထောက်ခံမှာမဟုတ်ပါဘူး” ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဆိုသည်။
“ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က အင်မတန် ရှင်းပါတယ်။ ဘယ်လိုဖိအားမျိုးတွေပဲရှိရှိ၊ တကယ်တမ်းလည်း ဖိအားပေးမှုတွေ တော်တော်လေးရှိခဲ့ပေမဲ့ စစ်ပွဲထဲကို ကျွန်တော်တို့ တရွတ်ဆွဲမပါသွားစေရဘူးဆိုတာပါပဲ”ဟု ၎င်းက ဆိုသည်။
အီရန်ဆိပ်ကမ်းများနှင့် အီရန်ကမ်းရိုးတန်းဒေသများသို့ အဝင်အထွက်ပြုမည့် ရေကြောင်းသွားလာမှုအားလုံးကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် အမေရိကန်စစ်တပ်က စတင်ပိတ်ဆို့လိုက်သည်။
ပြီးခဲ့သည့်ရက်အတွင်းက ပါကစ္စတန်နိုင်ငံ ၊ အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်သည့် အီရန်စစ်ပွဲအဆုံးသတ်ရေး အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများ သဘောတူညီချက် မရရှိဘဲ ပျက်ပြားသွားခဲ့ပြီးနောက် အမေရိကန်စစ်တပ်က ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် အမေရိကန်နှင့် အီရန်အကြား နှစ်ပတ်တာ ယာယီအပစ်ရပ်သဘောတူညီချက်မှာလည်း ပျက်ပြယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
အီရန်ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းဒေသများသို့ အဝင်အထွက်ပြုမည့် ကမ္ဘာ့နိုင်ငံအားလုံးမှ သင်္ဘောများကို ဘက်လိုက်မှုမရှိဘဲ ပိတ်ဆို့သွားမည်ဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။
ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို ပိတ်ဆို့ရန်အတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သမ္မတထရမ့်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
သို့ရာတွင် အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက် ပြုလုပ်နေသည့် သင်္ဘောများသာ ယင်းပိတ်ဆို့မှုတွင် အကျုံးဝင်မည်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က နောက်ပိုင်းတွင် ရှင်းလင်းထုတ်ပြန်ခဲ့သည်။
အီရန်စစ်ပွဲစတင်ချိန်ကတည်းက အီရန်သည် ဟော်မုဇ်ရေလက်ကြားအတွင်း ၎င်းတို့၏ ကိုယ်ပိုင်သင်္ဘောများမှအပ ကျန်သင်္ဘောများ ဖြတ်သန်းသွားလာမှုကို အကြီးအကျယ် ပိတ်ဆို့ထားခဲ့သည်။
အီရန်သည် ဟော်မုဇ်ရေလက်ကြားကို အမြဲတမ်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး ယင်းလမ်းကြောင်းကို အသုံးပြုသည့် သင်္ဘောများထံမှ အခွန်အခများ ကောက်ခံနိုင်ရန်လည်း ရည်ရွယ်နေကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
Source: Reuters







