ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘီးလင်းမြစ်ရေပြန်ကျ၊ ဒေသခံ ၁၆၀၀ ကျော် ပြောင်းရွှေ့ထားရဆဲ

July 13, 2026

Photo - ဒေသခံတစ်ဦး

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေ ပြန်ကျသော်လည်း ရေကြီးရေလျှံခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာအချို့က ဒေသခံ ၁၆၀၀ ကျော် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၁ ရက်မှစတင်ကာ မြစ်ရေမြင့်တက်လာသည့်အတွက် မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ကန်သာယာ၊ ဆရာစံ၊ ဘိုးလှကြီးရပ်ကွက်များနှင့် အလူးလေး၊ တောင်စွန်း၊ ရွှေလှေ၊ ဒေါက်ရပ်၊ နှင်းပုလဲ၊ ရန်ပြေ၊ မဲလံဂေါင်း စသည့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ရေကြီးရေလျှံခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်၊ ကျေးရွာ ၂၀ ခန့်က ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော်ကို မြို့နယ်အားကစားခန်းမ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ကိုးခုတွင် ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“(ဇူလိုင် ၁၃) ဒီမနက်ပိုင်းမှာ ရေပြန်ကျနေပေမယ့် မိုးက ဆက်ရွာနေသေးတော့ မြစ်ရေက ပြန်တက်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ လောလောဆယ် ယာယီပြောင်းရွှေ့ထားကြတဲ့လူတွေကတော့ ပြန်တော့ မပြန်ရသေးဘူး” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး ယနေ့ ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်း တိုင်းထွာချက်အရ မြစ်ရေသည် ၉၈၅ စင်တီမီတာသို့ ပြန်ကျသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်အထိ နေရာကွက်၍ မိုးဆက်ကြီးနိုင်ကြောင်း ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် ယခု ဇူလိုင်လ ဒုတိယအပတ်အတွင်း ပေါင်၊ သံဖြူဇရပ်၊ မော်လမြိုင်၊ မုဒုံတို့တွင် လေပြင်းတိုက်ခတ် မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံ အပါအဝင် လူနေအိမ် အလုံး ၁၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

Photo – ဒေသခံတစ်ဦး