ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ၊ နဘုလယ်ဒေသကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး

June 13, 2026

ပုံစာ - မူးဒူး-နဘုလယ် ရွာသွားလမ်း တစ်နေရာ။

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ နဘုလယ်ဒေသအား စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၇၀ ကျော်ရှိသည့် စစ်အာဏာရှင်တပ်သည် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကစပြီး နဘုလယ်ဒေသ ထိန်ကြီးကျေးရွာမှတစ်ဆင့် လဲရှောင်စသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ကြောင်း နဘုလယ်ဒေသခံအချို့က ပြောသည်။

ယင်းသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေစဉ် လမ်းတစ်လျှောက် တွေ့ရှိရသည့် ဒေသခံအမျိုးသား၊ အမျိုးသမီး နှစ်ဆယ်ထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လဲရှောင်ရွာကို စစ်ကြောင်းရောက်တာနဲ့ ဖမ်းထားသူတွေ အားလုံး ပြန်လွှတ်လိုက်တယ်၊ ပစ်တာခတ်တာတော့ မရှိဘူး” ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

ထိုစစ်ကြောင်းတွင် ပါဝင်သည့် စစ်အာဏာရှင်တပ်သားများက လောင်စာဆီပုံးများ သယ်ဆောင်လာသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲမှာ သူတို့က ပြောခဲ့တယ်။ သူတို့ကို ဘာမှမလုပ်နဲ့၊ သူတို့ကလည်း ဘာမှမလုပ်ဘူး။ တကယ်လို့ သူတို့စစ်ကြောင်းကို ပစ်ရင် ရွာမီးရှို့မယ်ဆိုပြီး ပြောခဲ့တယ်တဲ့” ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

စစ်ကြောင်းမှာ ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်စောစောပိုင်းကစပြီး လဲရှောင်ကျေးရွာမှ ပရဒပ်ကျေးရွာ၊ ပရဒပ်ကျေးရွာမှ ထိန်ကြီးကျေးရွာများသို့ စစ်ကြောင်းပြန်လှည့်လာပြီး ယနေ့ မွန်းလွဲပိုင်းအချိန်အထိ ထိန်ကြီးကျေးရွာအရှေ့ပိုင်း လူနေအိမ်များတွင် တပ်စွဲထားကြောင်း သိရသည်။

ယင်းကြောင့် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာမှ ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာ အခြေအနေစောင့်ကြည့်ကာ နေထိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။