ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော ဆင်ထိုးကြီးရွာတွင် အမျိုးသားတစ်ဦး အိမ်ခြံဝင်းအတွင်း မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရ

May 13, 2026

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် အမျိုးသားတစ်ဦး နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၆၁ နှစ်အရွယ် ဦးခင်ဇော်သည် မေလ ၁၃ ရက် နံနက် ၁၁ နာရီခန့်တွင် မိုင်းနင်းမိခြင်းဖြစ်ပြီး ဘယ်ဘက် ခြေသလုံးကနေ ကြွေမွဒဏ်ရာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“မိုးကျတော့မယ်ဆိုတော့ အိမ်ကို ဖက် (အမိုး) ဝင်မိုးတယ်လို့ပြောတယ်။ အိမ်က မမိုးဘဲ ပစ်ထားရင်လည်း ဆွေးကုန် ပျက်စီးကုန်မှာလေ။ အဲဒီတော့ KNLA တပ်ဖွဲ့တွေထံမှာ ခွင့်တောင်းပြီးဝင်တယ်။ ခြံဝန်းထဲ လျှောက်သွားရင်း မိုင်းနင်းမိ တာလို့ ပြောတယ်။ ခြေထောက်တော့ ဖြတ်ရမယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ဆင်ထိုးကြီးရွာတွင် နေအိမ်များ၊ စာသင်ကျောင်း၊ ကျေးရွာအတွင်းရှိ လမ်းများ၊ ဥယျာဉ်ခြံသို့သွားသည့် လမ်းများ၊ ဥယျာဉ်ခြံများ၊ မြိတ်-ထားဝယ်ကားလမ်းဘေးက ကားစောင့်သည့် နားနေဆောင်အနီးက လမ်းဘေးဝဲယာနေရာများ စသည့် နေရာအနှံ့အပြားတွင် မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့သည်။

၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မေလ ၁၃ ရက်အထိ တစ်နှစ်ကျော်ကာလတွင် အရပ်သား ၂၀ ခန့် မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ထိုအထဲတွင် အသက် ၆၀ နှင့်အထက် အမျိုးသမီးကြီး၊ အမျိုးသားကြီးတို့လည်းပါဝင်သလို ဘုန်းတော်ကြီးတစ်ပါးလည်း ပါဝင်ကြောင်း Dawei Watch က ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။

ဆင်ထိုးကြီးကျေးရွာဘက်သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် ၂၀၂၄ ခုနှစ်ဩဂုတ်လမှ နိုဝင်ဘာလအထိ KNLA နှင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ဒေသခံများ တိမ်းရှောင်ခဲ့ကြရပြီး တိုက်ပွဲများ မဖြစ်တော့ချိန် ဒေသခံအချို့ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခဲ့ကြသော်လည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုများ ဆက်တိုက်ရှိခဲ့သည်။

ထို့ကြောင့် ဆင်ထိုးကြီးကျေးရွာတွင် ဒေသခံများ ပြန်လည်ဝင်ရောက် မနေထိုင်ရဲကြပေ။

ဆင်ထိုးကြီးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) တပ်ခွဲ (၃)
သည် ၂၀၂၄ ခုနှစ် ဩဂုတ်လမှစတင်ကာ လက်ရှိအချိန်အထိ တပ်စွဲထားသည်။

အရပ်သားများ မကြာခဏ မြေမြှုပ်မိုင်းနင်းမိသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဖြေရှင်းရန်ရှိသည်ကို KNLA တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးကို Dawei Watch က စာပေးပို့ မေးမြန်းထားဆဲဖြစ်သည်။