ထားဝယ်မြို့သစ်ရှိ ရပ်ကွက်များတွင် မေလ ဒုတိယာပတ်အတွင်းယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း မြို့ခံများနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တို့ထံမှ သိရသည်။
မြို့သစ် ၆ လမ်း၌ မေလ ၁၁ ရက် ညနေပိုင်းတွင် ယာဉ်တိုက်မှုတစ်ကြိမ်ဖြစ်ပွားပြီး မေလ ၄ ရက်ကမူ မြို့သစ် ၁၃ လမ်းတွင် တစ်ကြိမ်ဖြစ်ပွားကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှစ်ခုစလုံးတွင် ဆိုင်ကယ်နှင့် ကားတို့ တိုက်မိခြင်းဖြစ်သည်။
မေလ ၁၁ ရက်က မြို့သစ် ၆ လမ်းအတိုင်း မိန်းကလေးတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ စီးလာ သည့် ဆိုင်ကယ်နှင့် ဝဲကျွန်းမြို့သစ် ဆွမ်းလောင်း ဓမ္မာရုံအနီး လမ်းသွယ်အတွင်းမှ ထွက်လာသည့် ကားတို့ တိုက်မိခြင်း ဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။
ဆိုင်ကယ်စီးလာသည့် အသက် ၁၅ နှစ်အရွယ်ရှိ မိန်းကလေး ခြေထောက်တွင် ဒဏ်ရာရပြီး အသက် ၄၀ ကျော် အရွယ်ရှိ အမျိုးသမီးမှာ ခြေထောက်နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အသက် ၄၀ ကျော် အရွယ်ရှိ အမျိုးသမီးမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် မေလ ၁၂ ရက်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“သူက မလေးရှားကနေလာတာ သိပ်မကြာသေးဘူး။ စစ်ပြဲကျေးရွာကပါ။ ထားဝယ်မှာနေတယ်။ ဆေးရုံမှာ တစ်ညအိပ်ပြီး မနက်ဆုံးသွားတယ်လို့သိရတယ်” ဟု စစ်ပြဲကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထားဝယ်မြို့သစ်ရှိ ရပ်ကွက်များတွင် ယခုနှစ် ဧပြီလနှောင်းပိုင်းကစပြီး ယာဉ်တိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေကြောင်း မြို့ခံအချို့က ဆိုသည်။
မြို့သစ်တွင် လမ်းဆုံ၊ လမ်းခွ များပြားပြီး မီးပွိုင့်များ မရှိခြင်း၊ လမ်းဆုံအများစုမှာ တစ်ဖက် ယာဉ်ကြောကို မြင်တွေ့ရန် ခက်ခဲခြင်း၊ အရှိန်ဖြင့် မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်တိုက်မှုဖြစ်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။
“လမ်းဆုံတိုင်း မီးပွိုင့်တပ်ဆင်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ မီးပွိုင့် မထားပေး နိုင်သေးရင်တောင် အရှိန်လျှော့စေတဲ့ အရှိန်ထိန်းတုံးတွေ မြို့သစ်လမ်းဆုံတိုင်း လုပ်ပေးဖို့လိုနေပြီ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၃၃၄၈ မှု ဖြစ်ပွားပြီး လူ ၁၇၃၅ ဦး သေဆုံးကာ ၄၆၇၆ဦး ဒဏ်ရာရကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (RTAD) ၏ ထုတ်ပြန်ချက်အရ သိရသည်။







