ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း ဝင်းဝစခန်းသိမ်းတိုက်ပွဲကာလတွင် နေအိမ်တစ်ရာကျော်ပျက်စီး

May 13, 2026

Photo - ကူညီကယ်ဆယ်ရေးအဖွဲ့-သရက်ချောင်းမြို့နယ်

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်လမ်းရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲကာလတွင် အရပ်သားများပိုင်ဆိုင်သည့် နေအိမ် တစ်ရာကျော် ထိခိုက်ပျက်စီးကြောင်း ဒေသခံအချို့နှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ဝင်းဝရွာအနီးရှိ မင်းဒပ်ရွာတွင် နေအိမ် ၄၂ဆောင်၊ ဂုံညှင်းဆိပ်ရွာနှင့် သဲလမ်းရွာတို့တွင် စုစုပေါင်း ၅၇ဆောင်၊ ဆီတောရွာတွင် ၁၅ဆောင်၊ ပြင်းဖြူသားရွာတွင် လေးဆောင်ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ဆိုသည်။

“မီးရှို့ခံရတာရော၊ လေယာဉ်ဗုံးကြဲလို့ မီးလောင်တာရော၊ ပျက်စီးတာရော၊ ဒရုန်းဗုံးသီးကျလို့ ပျက်စီးတာရော အားလုံးပဲ။ ဘုန်းကြီးကျောင်းတွေလည်း မီးလောင်တာနဲ့ လက်နက်ကြီးကျလို့ ထိခိုက်ပျက်စီးတာနဲ့ အမိုးအကာတွေ သုံးစားလို့တောင် မရတော့ဘူး” ဟု မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်ပျက်စီးသည့် နေအိမ်က ဒေသခံများမှာ အခြားနေရာတွင် ရွှေ့ပြောင်းနေထိုင်နေသလို အမိုးအကာပျက်စီးနေသည့် နေအိမ်များကိုမူ မိုးမကျမီ ပြုပြင်နေကြကြောင်း ၎င်းက ပြောဆိုသည်။

တိုက်ပွဲကာလအတွင်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံများအတွက် ယာယီတဲအိမ်များဆောက်လုပ်ရန် သစ်လုံးတိုင်၊ ဝါး၊ ဓနိဖက်များလိုအပ်နေကြောင်း သရက်ချောင်းမြို့နယ် ပကဖ (ဒေါင်းညီနောင်စစ်ကြောင်း) ၏ ကူညီကယ်ဆယ်ရေး အဖွဲ့က မတ်လ ၁၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“အခုမိုးကျတော့မှာဆိုတော့ သူတို့နေထိုင်ဖို့ ယာယီတဲတွေ ဆောက်ဖို့ သစ်၊ ဝါးတွေ လိုအပ်နေတာပေါ့နော်။ အဲဒီအတွက် အလှူရှင်တွေ လိုအပ်နေတယ်။ အဲဒါကြောင့် ပိုစ့်တင်ပေးလိုက်တာ” ဟု အထက်ပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၀ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေဖြင့် ခုခံနေသည့် ကြားက တစ်လအကြာ မတ်လ ၁၁ရက်တွင် စခန်းကို သိမ်းယူနိုင်ခဲ့သည်။

ယင်းနောက် ရက် ၂၀ခန့်အကြာ မတ်လ ၃၁ရက်တွင် စစ်အာဏာရှင်တပ်က ဝင်းဝစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီး အရပ်သားများ ဖမ်းဆီးသတ်ဖြတ်မှုများလည်း ရှိခဲ့သည်။

စစ်အာဏာရှင်တပ်၏ သတ်ဖြတ်၊ တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောဆိုထားသည်။

စစ်အာဏာရှင်တပ် ဝင်းဝစခန်းက ထွက်ပြေးပြီးနောက် ဂုံညှင်းဆိပ်ကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ သုံးပတ်နီးပါး ပြင်းထန်ခဲ့သည်။ ယင်းကာလတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ တော်လှန်ရေးတပ်များ တိုက်ခိုက်မှုများကြောင့် နေအိမ်အမြောက်အများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့နှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူအချို့က ပြောသည်။