ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုဂေါဇွန်းတိုက်ပွဲပြီးနောက် ထားဝယ်အထူးစီးပွါးရေးဇုန်ဒေသ လျှပ်စစ်ဓာတ်အားပြတ်တောက်

February 13, 2026

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ တိုက်ပွဲ ဖြစ်ပြီးနောက် ထားဝယ်အထူးစီးပွါးရေးဇုန်ဒေသတစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်အထူးစီးပွါးရေးဇုန်အတွင်းရှိ ပုဂေါဇွန်းကျေးရွာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ က ဖေဖော်ဝါရီလ ၃ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နှစ်ဖက်ပစ်ခတ်မှုများကြောင့် ရလိုင်နှင့် ပုဂေါဇွန်းကျေးရွာကြား သွယ်တန်းထားသည့် လျှစ်စစ်ဓာတ်အားတိုင်နှင့် လိုင်းကြိုးများ ပျက်စီး ပြီး မီးလောင်ကျွမ်းကာ ယနေ့အထိ လျှပ်စစ်ဓာတ်အားပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကြောင့် အထူးစီးပွါးရေးဇုန်အတွင်းရှိ နဘုလယ် ဒေသအပါအဝင် ရေဖြူမြို့နယ်အနောက်ကမ်းရှိ ကျေးရွာ တစ်ဆယ်ကျော်တွင် လျှပ်စစ်ဓာတ်အားများရက်ရှည်ပြတ် တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် ဆက်သွယ်ရေးနှင့် လျှစ်စစ်အသုံးပြုစီးပွားရေးလုပ်ငန်းများ အခက်အခဲ့ကြုံနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဖုန်းအားတစ်ခါသွင်း ကျပ်တစ်ထောင်ပေးရတယ်။ အချို့လည်း ဆိုလာဝယ်သူဝယ်၊မီးစက်ဝယ်သူဝယ်နဲ့” ဟု နဘုလယ် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွါးရေးဇုန်ဒေသအတွင်းရှိ ကျေးရွာအများစုမှာ စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြခြင်း ဖြစ်သည်။

လျှစ်စစ်ဓာတ်အား မရရှိချိန် စက်သုံးဆီသုံးအင်ဂျင်များကို အသုံးပြုပြီး အပင်ရေလောင်း ခြင်းများ ပြုလုပ်နေရခြင်းကြောင်း အကုန်အကျများပြီး တွက်ခြေမကိုက် ကြောင်း ပုဂေါဇွန်းကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အခု ဓာတ်ဆီတစ်ဂါလံ ၁၅၀၀၀ ရှိတယ် ။ တွက်ခြေမကိုက်ဘူး ။ ရေရှည်ဆိုတော့ တစ်မျိုးစဉ်းစားရတော့မယ်”ဟု ယင်းအမျိုးသမီးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ထားဝယ်ဒေသတွင် နှစ်ဘက် စစ်ရေးပဋိပက္ခပြင်းထန်သည့် သရက်ချောင်းမြို့နယ်၊ရေဖြူမြို့နယ် နှင့် လောင်းလုံးမြို့နယ် ရှိ ကျေးရွာအချို့ကို ပြီးခဲ့သည့် နှစ်ကစပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသည်။

စက်တင်ဘာလကုန်ပိုင်းကစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်အာဏာရှင်တပ်က လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားသည်မှာလည်း ငါးလခန့်ကြာပြီးဖြစ်သည်။

ယင်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသခံများလည်း စစ်အာဏာရှင်တပ်က လျှပ်စစ်ဓာတ်အား ရက်ရှည် ဖြတ်တောက်မည်ကို စိုးရိမ်နေကြကြောင်း ပြောဆိုကြသည်။