ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် ဇွန်လ ၁၁ ရက် ညနေ ၅ နာရီခန့်က ဆယ်ကျော်သက် ယောင်္ကျားလေးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်အပြင်းအထန်ဒဏ်ရာရကာ ဆေးရုံတင်ထားရကြောင်း ဒေသခံအချို့က ပြောသည်။
အသက် ၁၇နှစ်အရွယ် ယောင်္ကျားလေးသည် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးနှင့် အုန်းသီးစိမ်း ခူးရန် ၎င်း၏ နေအိမ်ခြံဝင်းထဲရှိ အုန်းပင်သို့သွားစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“ညာခြေတစ်ဖက်တော့ ကြေမွသွားတယ်လို့ပြောတယ်။ မနေ့ညက ပလောက်ဆေးရုံကိုတင်ထားတယ်” ဟု ဆင်ထိုးကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
အဆိုပါ ယောင်္ကျားလေး၏ မိသားစုသည် ကျောက်လုံးကြီးရွာတွင် စစ်ဘေးရှောင်နေခြင်းဖြစ်ပြီး အုန်းသီးခူးစာရန် ရွာသို့ လာရာမှ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“စစ်ဘေးရှောင်နေရတဲ့မိသားစု၊ အခုက တဲကုတ်ထိုးပြီး နေနေကြတယ်။ ဆင်းကလည်း ဆင်းရဲ စိတ်မကောင်းစရာ” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
ဆင်ထိုးရွာတွင် ၂၀၂၅ မတ်လမှ ၂၀၂၆ ဇွန်လအထိ မြေမြှုပ်မိုင်းနင်းမိသူ လူဦးရေ ၂၀ ကျော်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဆင်ထိုးကြီးရွာက ဒေသခံများသည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်ပြီး နေထိုင်ရေးနှင့် စားဝတ်နေရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလအထိ ဆင်ထိုးကြီးရွာတွင် စစ်အာဏာရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဆင်ထိုးကြီးရွာ၌ KNLA က တပ်စွဲထားခြင်းဖြစ်သည်။







