ရာထူးမှ ဖယ်ရှားခံထားရသည့် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်အား တောင်ကိုရီးယားတရားရုံးတစ်ခုက ယနေ့ ဇွန်လ ၁၂ ရက်တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်။
မြောက်ကိုရီးယားပိုင်နက်အတွင်းသို့ စစ်ဘက်သုံးဒရုန်းများ ပျံသန်းစေလွှတ်ခဲ့မှုနှင့် ဆက်စပ်၍ တရားရုံးက ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်သည် ၂၀၂၄ ခုနှစ်က မအောင်မြင်ခဲ့သည့် ၎င်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုအတွက် အကြောင်းပြချက် ဖန်တီးသည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ စစ်ဘက်သုံးဒရုန်းများ လွှတ်တင်ခဲ့သည်ဆိုသည့် စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။
သမ္မတဟောင်းယွန်းသည် အဆိုပါ ဒရုန်းစေလွှတ်ပျံသန်းစေမှုကို ၎င်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုမတိုင်မီ နှစ်လအလိုတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဒရုန်းစေလွှတ်ပျံသန်းစေမှုက မြောက်ကိုရီးယားအစိုးရကို ဒေါသထွက်စေခဲ့ပြီး တောင်ကိုရီးယားက ဝါဒဖြန့်စာရွက်များပါ ကြဲချခဲ့ကြောင်း မြောက်ကိုရီးယားဘက်က စွပ်စွဲချက် ထွက်ပေါ်လာခဲ့သည်။
သမ္မတဟောင်းယွန်း၏ အဆိုပါ လုပ်ရပ်မှာ တောင်ကိုရီးယားစစ်တပ် သို့မဟုတ် ပြည်သူများအပေါ် မြောက်ကိုရီးယားဘက်က လက်နက်ကိုင်တိုက်ခိုက်မှု သို့မဟုတ် ယင်းနှင့် အလားသဏ္ဍန်တူ လုပ်ရပ်များ လုပ်ဆောင်လာစေရန် ရန်စသည့် ရည်ရွယ်ချက်ရှိခဲ့ကြောင်း တရားရုံး၏ စီရင်ချက်အကျဉ်းချုပ်တွင် ဖော်ပြထားသည်။
သမ္မတဟောင်းယွန်းသည် ၎င်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုအတွက် အကြောင်းပြချက်ရရန် ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုကို မြှင့်တင်ပြီး နိုင်ငံတော်အကျပ်အတည်း ဖန်တီးရန် ကြံစည်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
သမ္မတဟောင်းယွန်းကမူ ၎င်းအနေဖြင့် စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုမှာ နိုင်ငံတော်အကျိုးအတွက်သက်သက်သာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
သမ္မတဟောင်းယွန်းသည် စစ်အုပ်ချုပ်ရေးကြေညာကာ နိုင်ငံတော်ပုန်ကန်မှုကို ဦးဆောင်ခဲ့မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်သည်။
ယင်းအပြစ်ဒဏ်အတွက် အယူခံဝင်နေဆဲ အခြေအနေတွင် ရှိစဉ် သောကြာနေ့က တရားရုံးဆုံး ပြစ်ဒဏ်ချမှတ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
Source: France 24







