လောင်းလုံးမြို့နယ် တောင်ပိုင်းသို့ စစ်အာဏာရှင်တပ်အင်အား တစ်ရာကျော် ယနေ့ထပ်တိုးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။
အင်အား ၁၂၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၂ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် တောင်ပိုင်းသို့ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ထိုစစ်ကြောင်းသည် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ကမြောကြီးကျေးရွာအုပ်စု၊ ဆိပ်ပင်အင်းကျေးရွာသို့ ရောက်ရှိနေပြီး လူနေအိမ်များတွင် တပ်စွဲထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြာရေးတာဝန်ရှိသူက ပြောသည်။
“အခု ဆိပ်ပင်အင်းရွာထဲမှာ။ စစ်ကြောင်းနဲ့ တွေ့လို့ ထွက်ပြေးတဲ့နှစ်ဦး ပစ်ခံထိပြီး တစ်ဦးထိထားတယ်လို့တော့ သိရတယ်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင်တပ်က အရပ်သားကို ပစ်ခတ်သည့်ကိစ္စနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
စစ်အာဏာရှင်တပ်သည် မေလ တတိယပတ်မှစ၍ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်အင်အား တဖြည်းဖြည်း ဖြည့်တင်းနေပြီး ယနေ့ ဇွန်လ ၁၂ရက်အထိ အင်အားလေးရာခန့် တပ်ဖြန့်ထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အင်းအား ၂၀၀ ကျော်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း တစ်ကြောင်းသည်လည်း လောင်းလုံးမြို့နှင့် ကပ်လျက်ရှိသည့် ညင်းမော်နှင့် စစ်ပြဲကျေးရွာတို့တွင် တပ်စွဲနေထိုင်ပြီး ဒေသခံနေအိမ်များနှင့် ဈေးဆိုင်းများကို ဖောက်ထွင်းကာ အစားအသောက်နဲ့ အဝတ်အထည်များကို ယူဆောင်သုံးစွဲနေကြောင်း ဒေသခံအချို့က ပြောသည်။
ထို့ကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့က ဒေသခံပြည်သူများသည် လယ်ယာ၊ ဥယျာဉ်ခြံ၊ မွေးမြူရေး လုပ်ငန်းနှင့် ကိုယ်ပိုင်လုပ်ငန်းများကို စွန့်ကာ မိုးရာသီအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။







