တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စုတို့တွင် ယခုနှစ် ကွမ်းသီးနု အထွက်များသော်လည်း စျေးကောင်းမရကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။
ဇွန်လ ပထမပတ်ကစ၍ ကွမ်းသီးနုများ ခူးယူရောင်းချနေကြပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ် စျေးနှုန်းထက် နည်းနေသော်လည်း ဝမ်းရေးအဆင်ပြေရန် ရောင်းချနေကြကြောင်း သာရဘွင်ကျေးရွာအုပ်စုမှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ကွမ်းသီးနု ရာသီအစတွင် တစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ် ဝန်းကျင်စျေးရပြီး ယခုနှစ်တွင်မူ ကျပ် ၇,၀၀၀ ဝန်းကျင်သာ စျေးရကြောင်း ၎င်းက ဆိုသည်။
“စျေးနည်းလည်းပဲ ကောက် (ခူး) ရောင်းနေရတယ်။ စားဖို့သောက်ဖို့ မရှိလို့လေ”ဟု အထက်ပါခြံပိုင်ရှင်က ပြောသည်။
ကွမ်းသီးနု စျေးမရသော်လည်း သူခိုး ခိုးယူမည်ကို စိုးရိမ်သဖြင့် ရသည့်စျေးဖြင့် ခူးယူရောင်းချနေရကြောင်း တကူကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောဆိုသည်။
“နုနေတဲ့ တစ်ခိုင်တွေ့ရင် တစ်ခိုင် ကောက် (ခူး) ရောင်းတယ်။ စျေးမကောင်းလည်း ဘယ်တတ်နိုင်မလဲ။ ဒီအတိုင်းထားရင်လည်း သူခိုးလက်ထဲပါမယ်”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က ကွမ်းသီးအနု စျေးရသော်လည်း ကွမ်းသီးမှည့်သည်အထိ စောင့်ဆိုင်းခဲ့ရာ သူခိုး ခိုးသဖြင့် ကွမ်းသီးမှည့် အနည်းငယ်သာ ရရှိခဲ့ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။
တကူကျေးနှင့် သာရဘွင်ကျေးရွာအုပ်စုသည် တစ်ဆက်တည်းရှိသည့် ကျေးရွာအုပ်စုများဖြစ်သည်။
အဆိုပါကျေးရွာအုပ်စုများတွင် ကွမ်းသီးပင်များ အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးထားသည့် မြေဧကပေါင်း သောင်းနှင့်ချီရှိကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်းက ထွက်ရှိသည့် ကွမ်းသီးနုကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများက ဝယ်ယူကြသည်။
ကွမ်းသီးနုကို အရသာပေါင်းစပ်ပြီး အဆာပြေသရေစာအဖြစ် အသုံးပြုကြသလို အစာကြေဆေး၊ သန်ချဆေး၊ ခံတွင်းရနံ့သန့်စင်ဆေးရည် ဖော်စပ်ရာတို့တွင်လည်း အသုံးပြုကြသည်။







