လောင်းလုံးမြို့အနီးရှိ စစ်ပြဲကျေးရွာနှင့် ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ရက်ရှည်တပ်စွဲနေထိုင်ကာ ဒေသခံနေအိမ်များကို ရိုက်ဖျက်ပြီး အစားအသောက်နှင့် အဝတ်အထည်များကို ယူငင်သုံးစွဲလျက်ရှိကြောင်း သိရသည်။
စစ်အာဏာရှင်တပ်သည် ဇွန်လ ၂ ရက်ကစပြီး စစ်ပြဲနှင့် ညင်းမော်ကျေးရွာရှိ အရပ်သားနေအိမ်များထဲ ဝင်ရောက်နေထိုင်နေသည်မှာ ဆယ်ရက်ကျော်ကြာလာပြီဖြစ်ပြီး ယနေ့ ဇွန်လ ၁၂ ရက်အထိ နေထိုင်လျက်ရှိကြောင်း ဒေသခံတို့က ပြောသည်။
စစ်ပြဲကျေးရွာနှင့် ညင်းမော်ကျေးရွာကို ကူးချီသန်းချီဖြင့် တစ်လှည့်စီနေထိုင်ခြင်းဖြစ်ပြီး ထိုသို့နေထိုင်စဉ်အတွင်း ရွာထဲရှိ နေအိမ်များနှင့် ကုန်စုံဆိုင်များကို ရိုက်ဖျက်ပြီး အစားအသောက်၊ အဝတ်အထည်များကို ရယူသုံးစွဲကာ နေထိုင်ခြင်းဖြစ်ကြောင်းဆိုသည်။
“ကျွန်မတို့က ဧည့်သည် သူတို့(စစ်အာဏာရှင်တပ်က) အိမ်ရှင်ဖြစ်သွားပြီ။ ကျွန်မတို့က ကိုယ့်အိမ်ကို ခဏတဖြုတ်ဝင်ပြီး ပြန်ပြေးထွက်လာနေရတယ်။ သူတို့ကတော့ အိမ်ထဲမှာနေ အိမ်ထဲက အိုးတွေ၊ ခွက်တွေ၊ ဂက်(စ်)အိုးတွေနဲ့ ချက်စားပြီး အိမ်ရှင်လိုဖြစ်နေတာ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။
စစ်အာဏာရှင်တပ်က ရွာထဲတွင် ထိုကဲ့သို့ရက်ရှည်တပ်စွဲထားလိုက်သဖြင့် မိုးရာသီတွင် ပုံမှန်လုပ်ကိုင်နေကြသည့် လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများအပါအဝင် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအလုပ်များကို မလုပ်ကိုင်နိုင်တော့ဘဲ ဖြစ်နေကြရသည်။
ယခုအချိန်မှာ မိုးစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်ရမည်ဖြစ်ပြီး ရော်ဘာခြံရှင်များမှာလည်း တောခုတ်ခြင်း၊ မြေဩဇာကျွေးခြင်းလုပ်ငန်းများ လုပ်ကိုင်ရမည့်အချိန်ဖြစ်သော်လည်း ယင်းလုပ်ငန်းများမလုပ်နိုင်တော့ဘဲ ပစ်ထားကြရကြောင်း ဒေသခံတို့က ပြောဆိုသည်။
“ကျွန်တော်တို့သဘောကတော့ ပြန်ခိုင်းစေချင်တာပေါ့။ အခုက ပျိုးအိတ်သယ်မယ်ဆိုလည်း ဝင်မရ၊ ဓာတ်မြေဩဇာသယ်မယ်ဆိုလည်း မရဆိုတော့ တော်တော်ကို ဒုက္ခဖြစ်နေတယ်။ ရဲတဲ့သူတွေကတော့ အခြေအနေကြည့်ပြီး ရွာထဲဝင် ယူစရာရှိတာတွေ ယူပြီး လုပ်နေကြသူတွေလည်း ရှိတယ်” ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောဆိုသည်။
စစ်အာဏာရှင်တပ်ဘက်ကမူ ရွာထဲတွင် လာရောက်နေထိုင်ရန် ပြောဆိုမှုများရှိသော်လည်း ဒေသခံအများစုမှာ ဝင်ရောက်နေထိုင်ခြင်းမရှိကြောင်းလည်း ၎င်းတို့က ဆိုသည်။
မေလ ၂၂ ရက်မှစပြီး စစ်အာဏာရှင်တပ်က စစ်ပြဲ၊ ညင်းမော်ကျေးရွာအပါအဝင် အနီးနားကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်တို့နှင့် လေးကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ နောက်ဆုံးဖြစ်ပွားသည့်တိုက်ပွဲမှာ ဇွန်လ ၃ ရက်နေ့က စစ်ပြဲကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုနေ့တိုက်ပွဲဖြစ်ပွားပြီးချိန်မှစပြီး စစ်အာဏာရှင်တပ်က စစ်ပြဲနှင့် ညင်းမော်ကျေးရွာတို့တွင် ယနေ့ ဇွန်လ ၁၂ ရက်အထိ တပ်စွဲထားလိုက်ခြင်းဖြစ်ပြီး တပ်စွဲထားချိန်မှ ယနေ့အထိ တိုက်ပွဲထပ်ဖြစ်ခြင်းမရှိသေးပေ။







