ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတော်ဝင် မင်းသမီး နတ်ရွာစံ

June 12, 2026

ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး Bajrakitiyabha Narendiradebyavati သည် သက်တော် ၄၇ နှစ်အရွယ်တွင် နတ်ရွာစံသွားကြောင်း ထိုင်းဘုရင်နန်းတော်က သတင်းထုတ်ပြန်သည်။

တော်ဝင်မင်းသမီးသည် ဇွန်လ ၁၁ ရက် ည ၇ နာရီ ၄၈ မိနစ်တွင် ဘန်ကောက်မြို့ ချူလာလောင်ကွန်းဆေးရုံတွင် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။

တော်ဝင်မင်းသမီးသည် နှလုံးရောဂါကြောင့် သတိလစ်မေ့မြောနေသည့် အခြေအနေဖြင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ချူလာလောင်ကွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ယခုနှစ် မေလ ၂၁ ရက်နေ့မှစ၍ မင်းသမီးသည် အူမကြီး ရောင်ရမ်းခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်းနှင့် သွေးခဲခြင်းများကြောင့် အခြေအနေ ပိုမို ဆိုးရွားလာခဲ့ပြီးနောက် ယမန်နေ့ညတွင် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။

တော်ဝင်မင်းသမီး Bajrakitiyabha သည် ထိုင်းဘုရင် ဝချီရာ‌ လောင်ကွန်း၏ အကြီးဆုံး သမီးတော်ဖြစ်သည်။

မင်းသမီးသည် သြစတြီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ကုလသမဂ္ဂတွင်လည်း တာဝန်ထမ်းဆောင်ဖူးသည်။

မင်းသမီး၏ တော်ဝင်ဈာပနအခမ်းအနားကို တော်ဝင်အစဉ်အလာနှင့်အညီ အမြင့်ဆုံးကျင်းပရန် ဘုရင်က ကြေညာထားသည်။

Ref: Khaosod, Bangkok Post