ချယ်လ်ဆီးဟာ ရာသီပြီးဆုံးချိန်ကိုရောက်ရင် အသင်းအတွက် နည်းပြသစ်တစ်ယောက်ခေါ်ယူဖို့ စီစဉ်နေပြီး လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာဖို့အတွက် ဇာဗီ အလွန်ဆို က ရေပန်းအစားဆုံးဖြစ်နေပါတယ်။
လေဗာကူဆင်အသင်းနဲ့အတူ ၂၀၂၃-၂၄ ဘောလုံးရာသီတုန်းက ရှုံးပွဲမရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံအဖြစ် သမိုင်းသစ် ရေးထိုးစိုက်ထူခဲ့တဲ့ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူချိန်မှာတော့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ရာထူးထုတ်ပယ်ခံခဲ့ရတဲ့အတွက် အခုဆိုရင် အသင်းလက်မဲ့ ဖြစ်နေပါတယ်။
အလွန်ဆို ဟာ လီဗာပူးနည်းပြသစ် ဖြစ်လာနိုင်ခြေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးက လီဗာပူးထက် လက်ဦးမှုရယူပြီး အလွန်ဆို ကို နည်းပြသစ်ခန့်ဖို့ ပြင်ဆင်တာတွေ ရှိလာပါတယ်။ ဇွန်လလယ်ကို နောက်ဆုံးထားပြီး အသင်းအနေနဲ့ နည်းပြသစ်ခန့်ဖို့ ရှိနေကြောင်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားထားပါတယ်။
ချယ်လ်ဆီးရဲ့ နည်းပြသစ်လျာထားစာရင်းထဲမှာ ခရစ္စတယ်လ်ပဲလေ့စ်နည်းပြ အိုလီဗာ ဂလတ်စ်နာ လည်း ပါဝင်နေပြီး သူဟာ ခရစ္စတယ်လ်ပဲလေ့စ်ကို အက်ဖ်အေဖလား ဆွတ်ခူးရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့အပြင် ချာရတီဒိုင်းပြိုင်ပွဲမှာလည်း ခရစ္စတယ်လ်ပဲလေ့စ်နဲ့အတူ လီဗာပူးကို အနိုင်ယူပြီး သူ့ရဲ့ အရည်အချင်းကို သက်သေပြထားပြီးသူဖြစ်ပါတယ်။ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ လမ်းခွဲဖို့ သဘောတူညီထားပြီးသားဖြစ်တာကြောင့် ချယ်လ်ဆီးအတွက်တော့ ဂလတ်စ်နာဟာ အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်စရာ ရှိနေပါတယ်။
ချယ်လ်ဆီးဟာ အီတလီစီးရီးအေကလပ် ကိုမို ကို အသင်းသမိုင်းကြောင်းတလျှောက် ဥရောပပြိုင်ပွဲပါဝင်ကစားခွင့် ပထမဆုံးအကြိမ်ရရှိအောင် ဦးဆောင်ပေးခဲ့တဲ့ အသင်းကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ် ကိုလည်း နည်းပြသစ် လျာထားစာရင်းမှာ ထည့်သွင်းထားပြီး ဘရာဇီးမြေမှာ ဖလာမင်ဂိုအသင်းနဲ့အတူ ကိုပါ ဘရာဇီးလ် နဲ့ ကိုပါ လီဘာတာဒိုးစ်ဖလားတွေကို သိမ်းပိုက်ခဲ့တဲ့ အသင်းနောက်ခံလူဟောင်းဖြစ်ခဲ့ဖူးသူ နည်းပြ ဖိလစ်ပီ လူးဝစ္စ ဟာလည်း ချယ်လ်ဆီးရဲ့နည်းပြသစ် လျာထားစာရင်းမှာ ပါဝင်နေပါတယ်။







