ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် မေလ ၁၁ ရက် ညနေပိုင်းက မိုးကြိုးစက်ကွင်းထိမှန်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူသည် အသက် ၄၃ နှစ်အရွယ် ဆိုင်ကယ်အရောင်းအဝယ် ပြုလုပ်နေသူ ကိုဂျေမီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ကံပေါက်ဘောလုံးကွင်းအတွင်း ဘောလုံးကန်နေကြစဉ် မိုးကြိုးစက်ကွင်းထိမှန်ခြင်းဖြစ်ပြီး ကိုဂျေမီ သေဆုံးသည့်အပြင် နောက်ထပ် အမျိုးသားတစ်ဦးလည်း အကြားအာရုံ ထိခိုက်သွားကြောင်း ဖြစ်စဉ်ကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။
“ဘောလုံးကွင်းဘေးက သစ်သားပုံကို မိုးကြိုးပစ်ချတာ၊ မြေကြီးပါ တုန်သွားတယ်။ မိုးကြိုးသံကြားပြီးတာနဲ့ ကွင်းထဲကလူတွေ အကုန်လဲကျသွားသေးတယ်။ ပြီးမှ ကိုဂျေမီနဲ့ နောက်တစ်ယောက်က ပြန်မထလာတော့တာ။ ကိုဂျေမီက အပေါ်ပိုင်း အင်္ကျီချွတ်ထားပြီး ငွေဆွဲကြိုးလည်း ဆွဲထားတော့ စက်ကွင်းတိုက်ရိုက်ထိသလို ဖြစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။
ကိုဂျေမီ၏ ရုပ်အလောင်းကို ကံပေါက်သုသာန်တွင် ယနေ့ မေလ ၁၂ ရက် မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း သိရသည်။
မိုးကြိုးဘေးအန္တရာယ်သည် မိုးကြိုကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတု ရုတ်ခြည်း ဖောက်ပြန်ပြောင်းလဲသော အချိန်ကာလမျိုး၌ ဖြစ်ပွားတတ်ပြီး မိုးကြိုကာလ (ဧပြီ၊ မေ)နှင့် မိုးနှောင်းကာလ (အောက်တိုဘာ၊ နိုဝင်ဘာ) လတို့တွင် အဖြစ်များလေ့ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ မိုးကြိုးအန္တရာယ် အသိပေးချက်တွင် ဖော်ပြထားသည်။
ပုံစာ – ကံပေါက်ဘောလုံးကွင်း (ပုံဟောင်း)







