ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစု သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်အာဏာရှင်တပ်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းမကြီးများနှင့် ရပ်ကွက်အတွင်း လမ်းများတွင်ပါမကျန် အစစ်အဆေး ပိုမိုတင်းကျပ်လာကြောင်း မြို့ခံများထံမှ သိရသည်။
ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုအား မေလ ၉ ရက်နေ့ညက သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက နေအိမ်ပေါ်တက်ပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
ယင်းပစ်ခတ်မှုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူနှင့် ဇနီး သေဆုံးခဲ့ပြီး အသက် ၂၀ ကျော်အရွယ်ရှိ သမီးဖြစ်သူမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်မှ မေလ ၉ ရက်နေ့ညကစပြီး မြို့ပေါ်ရပ်ကွက်၊ လမ်းမကြီးများ၊ ကမ်းနားလမ်းနှင့် လမ်းဆုံများတွင် အင်အားအများအပြားဖြင့် ခရီးသွားပြည်သူများကို အစစ်အဆေး တင်းကျပ်လျက်ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“မိန်းကလေး၊ ယောက်ျားလေး အကုန်လမ်းပေါ်ခေါ်ပြီး စစ်တယ်။ တစ်ကိုယ်လုံး ရှာတယ်။ အဖွဲ့စုံပါတယ်” ဟု အထက်ပါမြို့ခံက ဆိုသည်။
တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ စစ်ဆေးနေခြင်းမျိုးမဟုတ်ဘဲ အဖွဲ့ပေါင်းစုံဖြင့် နေရာသုံးလေးနေရာ ခွဲပြီး စစ်ဆေးနေခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
ယင်းအပြင် အုပ်ချုပ်ရေးမှူးနှင့် မိသားစု သတ်ဖြတ်ခံရပြီးသည့်နောက်ပိုင်း ထားဝယ်မြို့ပေါ်တွင် ညဘက်လှည့်ကင်းကားများစွာဖြင့် ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများကိုလည်း ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြောင်း မြို့ခံအချို့က ပြောသည်။
“အရင်က လမ်းဆုံတွေမှာ ညဘက်လုံခြုံရေး ထားသေးတယ်။ နောက်ပိုင်း မရှိတော့ဘူး။ အခုကျတော့ ကင်းလှည့်ကားတွေ နေ့ည ခါတိုင်းထက် ပိုမှန်မှန်လှည့်လာတာတွေ တွေ့ရတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။
ဧပြီလ ၁၆ ရက်နေ့ကလည်း ထားဝယ်မြို့၊ ဥဿာရံရပ်ကွက်၌ သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့သည်။
အထက်ပါ ပစ်ခတ်မှုနှစ်ခုစလုံးတွင် မည်သူက မည်သည့်အကြောင်းရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို ယနေ့အထိ မသိရသေးပေ။







