UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်အောင်မြင်မြင် ကာကွယ်ပြနိုင်ခဲ့ပြီဖြစ်တဲ့ ဂျိုရှူအာဗန်ဟာ ရှေ့လာမယ့်သီတင်းပတ်ထဲကိုရောက်ရင် မလေးရှားနဲ့ ထိုင်းနိုင်ငံဆီကို အလည်ခရီး လာရောက်တော့မယ်လို့ သိရှိရပါတယ်။
ဒါဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံဆီကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဂျိုရှူအာဗန်ကို မြင်တွေ့ခွင့်ရနိုင်မယ့် အခွင့်အလမ်းကြီးပါပဲ။
ထိုင်းနိုင်ငံသားတွေ၊ ထိုင်းဖိုက်တာတွေ၊ မလေးရှားနိုင်ငံသားတွေနဲ့ မလေးရှားဖိုက်တာတွေကလည်း သူတို့နိုင်ငံတွေဆီ ရောက်ရှိလာမယ့် ဂျိုရှူအာဗန် ကို သွားရောက်တွေ့ဆုံ နှုတ်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။
ဂျိုရှူအာဗန် ဟာ မလေးရှားနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်ခဲ့ရဖူးပြီး သူ့ရဲ့မလေးရှားခရီးစဉ်မှာ အဲ့ဒီဒုက္ခသည်စခန်းဆီ သွားရောက်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။
ရက်အတိအကျကို ထုတ်ဖော်မပြောကြားသေးပေမဲ့ နောက်တစ်ပတ်ထဲမှာ ဒီခရီးစဉ် စတင်မယ်ဆိုတာကိုတော့ ဂျိုရှူအာဗန်က အတည်ပြုချက်ပေးထားပြီဖြစ်ပါတယ်။
ဂျိုရှူအာဗန် ဟာ သူ့ရဲ့မိသားစုဝင်တွေကို ခေါ်လာမှာ မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့အတူ လာရောက်မှာဖြစ်ပြီး ဒီခရီးစဉ်မှာ ချန်ပီယံခါးပတ်ကို ယူလာဖို့တော့ မရှိကြောင်း အသိပေးထားပါတယ်။







