ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သံဖြူဇရပ်တွင် လေပြင်းတိုက်ပြီး နေအိမ် ၄၀ နီးပါးပျက်စီး

July 11, 2026

ဓာတ်ပုံ - Thanbyuzayat Watch

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ နီးပါး သွပ်အမိုးလန် ထိခိုက်ပျက်စီးကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၀ ရက် ည ၇ နာရီဝန်းကျင်တွင် သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ အောင်ဇေယျတိုးချဲ့ရပ်ကွက် တွင် လေပြင်းကြောင့်ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ဆိုသည်။

“လေက တော်တော်ကြမ်းတယ်။ လန့်ပါ လန့်တယ်။ တစ်ခါ မကြုံဖူးဘူး။ သစ်ပင်တွေလဲ၊ လမ်းတွေပေါ် လဲကျတော့ သွားလာ လို့တောင် မရဘူး။ ညတွင်းချင်း ရှင်းနေရတယ်။ အိမ်ခေါင်မိုးက သွပ်တွေဆိုရင် လွင့်ကုန်တာ။ အများဆုံး ထိတာက အောင်ကုသိုလ်၊ အောင်ဇေယျရပ်ကွက်ပေါ့” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

အောင်ကုသိုလ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ အမိုးလန် ပျက်စီးပြီး ထိုင်တော်မူဘုရားကြီး၏ အမြင့် ၁၀၀ ပေ၊ အနံ ပေ ၂၀၀ ပတ်လည်ရှိ အမိုးလည်း ပြိုကျပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။

အောင်ဇေယျတိုးချဲ့ရပ်ကွက်တွင် နေအိမ် အလုံး ၃၀ ကျော် အမိုးလန်ခြင်း၊ ရပ်ကွက်ရှိ အလယ်တန်းစာသင်ကျောင်း အမိုးလန်ခြင်းတို့ ဖြစ်ပွားကြောင်းမြို့ခံများက ဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများ လဲကျခြင်း၊ ဓာတ်တိုင် လဲကျခြင်းတို့ကြောင့် ကားလမ်းပိတ်ဆို့ခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း၎င်းတို့က ပြောသည်။

ထိခိုက်ပျက်စီးမှုကို လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။

ဇူလိုင်လ ၆ ရက်ကလည်း မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ဘုရားကုန်းအပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၅ လုံးခန့် အမိုးလန်ပြီး ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၅ ရက် ညကလည်း ပေါင်မြို့၊ ကဒါရပ်ကွက်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရဟန်းနှစ်ပါး ထိခိုက်ဒဏ်ရာ ရပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံနှင့် နေအိမ် အလုံး ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြသည်။