ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ နဘုလယ်ဒေသခံအချို့ စစ်ကြောင်းဝင်သည့် ကောလာဟလကြောင့် ညတွင်းချင်း တိမ်းရှောင်

June 11, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသရှိ လဲရှောင်ကျေးရွာတွင် ဇွန်လ ၁၀ ရက် ညသန်းခေါင်က စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်ရောက်လာသည်ဟု သတင်းထွက်သောကြောင့် ဒေသခံအချို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံအချို့က ပြောသည်။

လဲရှောင်ကျေးရွာတွင် ဇွန်လ ၁၀ ရက် ည ၁၂ နာရီဝန်းကျင်တွင် အိမ်မောကျနေချိန် စစ်ကြောင်းဝင်ရောက်လာနေသည်ဟု သတင်းစကားကို ရွာသားတစ်ဦးမှ တစ်ဦးသို့ ဖုန်းဖြင့်ဆက်သွယ် ပြောကြားရာမှတစ်ဆင့် အဆိုပါ ကောလာဟလ ထွက်ပေါ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဒေသခံ အမျိုးသားအချို့မှာ ညတွင်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အမျိုးသမီးအချို့မှာ အဝတ်အစားများ အဆင်သင့် ပြင်၍ အခြေအနေစောင့်ကြည့်ကာ နေအိမ်တွင် နေခဲ့ရကြောင့် လဲရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“စစ်ကြောင်းက ဘုန်းကြီးကျောင်း ရောက်နေတယ်ဆိုပြီး (ပြောကြတယ်)။ တစ်ညလုံးလည်း မအိပ်ရဘူး။ ဖုန်းတွေပဲ တောက်လျှောက်လာနေတယ်။ ထားဝယ်မှာသွားနေတဲ့ မိသားစုဝင်တွေကလည်း ဖုန်းဆက်လာတယ်။ ရွာမှာရှိတဲ့သူတွေ အချင်းချင်းကလည်း ဖုန်းဆက်လာနဲ့ တစ်ညလုံး သူ့ငါမေး ငါ့သူမေးနဲ့ မအိပ်ရဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ သတင်း မည်သူထံမှ စတင်ထွက်ပေါ်လာသည်ကိုမူ သေသေချာချာမသိကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ရွာခံလူကြီးများက ယနေ့ နံနက်စောစောတွင် ဘုန်းကြီးကျောင်းသို့ စုံစမ်မေးမြန်းရာတွင် စစ်ကြောင်းမှာ အမှန်တကယ် ဝင်ရောက်လာခြင်းမရှိဘဲ ကောလာဟလသာဖြစ်သည်ကို သိရကြောင်း ဒေသခံအချို့က ဆိုသည်။

“ည ၉နာရီလောက်မှာ ရေနက်ဆိပ်ကမ်းကနေ သေနတ်ပစ် ဖောက်လိုက်သေးတယ်ဆိုတော့ စစ်ကြောင်း ထွက်လာတယ်ဆိုပြီး လူတွေကြား သို့လောသို့လော ဖြစ်ကုန်ကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မသမာသူအချို့ကလည်း ယခုကဲ့သို့ ကောလာဟလကို အသုံးချလာနိုင်ပြီး ကျေးရွာအတွင်း ခိုးယူမည်ကို စိုးရိမ်နေရကြောင်း ဒေသများက ပြောဆိုသည်။

နဘုလယ်ဒေသဖြစ်သည့် ထိန်ကြီး၊ လဲရှောင်နှင့် ပရဒပ်ကျေးရွာတို့တွင် ဇွန်လ ၁၀ရက် ညဘက်နှင့် ယနေ့ ဇွန်လ ၁၁ ရက် ညနေပိုင်းအထိ စစ်ရေးလှုပ်ရှားမှု ထူးထူးခြားခြား မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

သို့သော် အင်အား ၂၀၀နီးပါးရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်း တစ်ကြောင်းသည် ဇွန်လ ၁၀ ရက် ညနေပိုင်းမှစ၍ နဘုလယ် ဒေသ၏ အရှေ့တောင်ဘက် လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်း နောက်တစ်ကြောင်းမှာ ရေဖြူမြို့နယ် ကျောက်ထောင့်ကျေးရွာသို့ ယနေ့ ဇွန်လ ၁၁ ရက် နံနက် စောစောတွင် ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းစစ်ကြောင်း နှစ်ကြောင်းသည် ယနေ့ ညနေပိုင်းအထိ မူလ တပ်စွဲထားသည့် ကျေးရွာများတွင် ရှိနေဆဲဖြစ်ပြီး မည်သည့် နေရောသို့ ဆက်လက် စစ်ကြောင်းထိုးမည်ကိုမူ မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။