ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းမြို့တွင် စစ်မှုထမ်းဟောင်းအမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

June 11, 2026

သရက်ချောင်း မြို့မရပ်ကွက်တွင် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး ဇွန်လ ၁၀ ရက် နံနက် ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၆၀ ခန့်ရှိ အဆိုပါအမျိုးသားကို လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆိုင်ကယ်စီး လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

ကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါနေရာတွင် သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။

သေဆုံးသူသည် သရက်ချောင်းမြို့တွင် နေထိုင်သည့် ဦးဝင်းဇော်ဖြစ်ပြီး ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ မသိကြောင်း ဒေသခံအချို့က ပြောသည်။

ဦးဝင်းဇော် ပစ်ခတ်ခံရသည့် နေရာသည် ပန်းတော စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် ဓာတ်မီးတိုင် သုံးခုခန့် အကွာတွင် ဖြစ်ကြောင်း အထက်ပါရပ်ကွက်နေသူက ဆိုသည်။

“သူက စစ်သားလူထွက်ဆိုတော့ ရဲတွေ စစ်သားတွေနဲ့လည်း ရင်းနှီးတယ်။ တစ်ခါတလေလည်း အတူတူသွားလာ နေတာလည်း ရှိတာပဲ” ဟု ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသား အခြားတစ်ဦးက ပြောဆိုသည်။

ဦးဝင်းဇော် ပစ်ခတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ ပြန်ကြားရေးတာဝန်ခံကို Dawei Watch က ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်ကိုသာ ကြားသိရပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ရှင်းလင်းသည်ကိုမူ မသိဟု ပြန်လည်ဖြေကြားသည်။