ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နေရာထပ်မံရွှေ့ပြောင်းရသည့် သဲဖြူရွာစစ်ရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်

June 11, 2026

ပုံစာ - သဲဖြူရွာစစ်ဘေးရှောင်များ (ပုံဟောင်း)

တနင်္သာရီမြို့နယ် သဲဖြူရွာမှ စစ်ရှောင်များသည် စစ်အာဏာရှင်တပ် စစ်ကြောင်းများ ဝင်ရောက်လာသဖြင့် နေရာထပ်မံရွှေ့ပြောင်းရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

မေလ ပထမပတ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက သဲဖြူရွာချောင်းဖျား (ဒေသအခေါ်) ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် သဲဖြူရွာမှ စစ်ရှောင်များမှာ ကြိမ်ချောင်းရွာဘက်သို့ ထပ်မံရွှေ့ပြောင်းရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

စုစုပေါင်း စစ်ရှောင်ဦးရေ သုံးရာဝန်းကျင်ရှိပြီး နှာစေး၊ ချောင်းဆိုးကဲ့သို့ ဖျားနာခြင်းများဖြစ်လျှင် မကုသဘဲ စိုးရိမ်ရသည့် အခြေအနေရောက်မှသာ သဘော့လိပ်ရွာနှင့် တနင်္သာရီမြို့ပေါ် ဆေးခန်းများတွင် သွားရောက်ပြသကြကြောင်း ၎င်းက ဆိုသည်။

“အစားအသောက်မှာ အခက်အခဲဖြစ်တယ်။ ဆေးခန်းက တအားဝေးတယ်။ အချို့တွေက သွားပြကြတယ်။ အချို့တွေက စပ်ဆေးတွေ ဝယ်လာကြတယ်။ မိုးရာသီဖြစ်တော့ လမ်းတွေက ဆိုးတယ်။ ရွှံ့တွေဒူးလောက်ဖြစ်နေတဲ့ နေရာတွေလည်း ရှိတယ်။ တချို့က ဝမ်းရေးအတွက် ဖြေရှင်းဖို့ ကန်းဇော်စေ့သွားကောက်ကြတယ်။ လူကများပြီး အသီးကနည်းတော့ သိပ်မရကြဘူး” ဟု အထက်ပါ စစ်ရှောင်ကူညီနေသူက ပြောသည်။

သဲဖြူရွာသည် တနင်္သာရီမြို့နှင့် မောတောင်မြို့သွားရာ လမ်းပိုင်းတွင် တည်ရှိပြီး ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ရွာဖြစ်သည်။

ရွှေ့ပြောင်းရသည့် နေရာတွင် တဲသစ်များ ပြန်ဆောက်ရပြီး အမိုးအကာများ မလုံလောက်ကြောင်း၊ မိုးရာသီဖြစ်လာသည့်အတွက် အမိုးအပြင် ကာရံဖို့အတွက်ပါ လိုအပ်လာကြောင်း စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

“လောလောဆယ်က ရှိတဲ့ မိုးကာဟောင်းတွေနဲ့ သူများတဲဟောင်းတချို့မှာ နေကြတယ်။ အစားအသောက် တချို့ ပါလာတဲ့သူတွေနားက ချေးငှားပြီး စားသောက်နေကြတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း မနီးဘူး” ဟု အထက်ပါ စစ်ရှောင်တစ်ဦးက ပြောသည်။

သဲဖြူရွာသားများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ဒုတိယပတ်မှစ၍ စစ်ဘေးရှောင် ထွက်ပြေးနေကြရခြင်းဖြစ်သည်။

စစ်အာဏာရှင်တပ်သားများသည် သဲဖြူရွာကို ပြန်လည်ထိန်းချုပ်ထားသဖြင့် သဲဖြူရွာသားများ နေရပ်မပြန်ရသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။